မံစီမြို့က လက်ကျန်တပ်ရင်းတွေ အတွင်းပိုင်းထိ KIA ဝင်တိုက်နေ
2024.12.26

ကချင်ပြည်နယ် မံစီမြို့က စစ်ကောင်စီရဲ့ လက်ကျန်တပ်ရင်းသုံးခုရဲ့ အတွင်းပိုင်းအထိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး အဲဒီတပ်ရင်းတွေရဲ့ နေရာအများစုကိုလည်း KIA က ထိန်းချုပ်ထားနိုင်ပြီလို့ ဒေသခံတွေက ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ပြောပါတယ်။
မံစီမြို့အပြင်ဘက်မှာ တစ်ဆက်တည်းရှိနေတဲ့ ခမရ-၆၀၁၊ ခရမ-၃၁၉ နဲ့ အမှတ်-၅၂၃ အမြောက်တပ်ရင်းတို့ကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နေရာအများစုကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးအခြေအနေကိုသိရှိတဲ့ မံစီဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တပ်အတွင်းပိုင်းကို ဝင်ပြီးတိုက်နေတာ သုံးရက်လောက်တောင်ရှိပြီ။ အခုသိရတာက ၆၀၁ ဆိုရင် KIA က တော်တော်ထိန်းချုပ်နိုင်ပြီ။ ကျန်တဲ့တပ်တွေလည်း တပ်ဆုတ်တာတွေ ရှိနေတယ်လို့ သိရတယ်”
နောက်ထပ် ဒေသခံတစ်ဦးကလည်း အဲဒီတပ်ရင်းသုံးခုရဲ့ နေရာအားလုံးနီးပါးကို KIA က ထိန်းချုပ်ထားပြီး နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်တယ်လို့ ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်ကောင်စီတပ်ရင်းတွေ သိမ်းပိုက်ခံရတဲ့အခြေအနေ သတင်းရောက်မလာသေးပေမဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတာကို သိထားကြောင်း RFA ကို ပြောပါတယ်။
“သိမ်းတာကို တရားဝင် သတင်းရတာ မရှိဘူး။ ဗန်းမော်နဲ့ မံစီမှာတော့ တိုက်ပွဲတွေက နေ့စဥ် ပြင်းထန်နေတယ်”
မံစီမြို့ကို ၂၀၂၄ ခုနှစ် မေလမှာ KIA က စတင်ထိုးစစ်ဆင်ခဲ့ချိန် မြို့ကိုထိန်းချုပ်ထားနိုင်ပြီး ကျန်နေတဲ့ စစ်ကောင်စီတပ်ရင်းတွေကို ဝန်းရံပိတ်ဆို့ထားတာပါ။ အဲဒီနောက် ဒီဇင်ဘာ ၄ ရက်နေ့မှာ ဗန်းမော်မြို့နဲ့ မံစီမြို့တွေကို KIA က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ် နှစ်စပိုင်းကနေ လက်ရှိအချိန်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၁၃ မြို့ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။