နှစ် ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အာဇာနည်နေ့ကို သမ္မတတက်ရောက်
2019.07.19
ဒီနေ့ ကျရောက်တဲ့ ၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ အာဇာနည် ဗိမ္မာန်မှာပြုလုပ်ခဲ့ရာ နှစ်ပေါင်း ၅၀ ကျော်အတွင်း နိုင်ငံတော်သမ္မတအဆင့် တက်ရောက်ဂါရဝပြုခဲ့ပါတယ်။
ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို နိုင်ငံတော်သမ္မတ ဦးဝင်မြင့်ကိုယ်တိုင် တက်ရောက်ဂါရဝပြုခဲ့ပြီး သမ္မတနဲ့အတူ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအနေနဲ့ တက်ရောက်ဂါရဝပြုခဲ့တာဖြစ်ပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဗိမ္မာန်မှာ နှစ်စဉ်အများပြည်သူ သောင်းနဲ့ချီ ဂါရဝပြုခဲ့ကြတာဖြစ်ပါတယ်။ ဒီထဲမှာ နယ်ဒေသအသီးသီးကနေလည်း လာရောက်ကြသူတွေ ပါဝင်ပါတယ်။
အာဇာနည်နေ့ အခမ်းအနားတွေကို ရန်ကုန်မြို့က အာဇာနည်ဗိမ္မာန်နဲ့ နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာလည်း ကျင်းပခဲ့ကြတာပါ။
မန္တလေးမြို့ မန္တလာသီရီကွင်းမှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားမှာ မန္တလေးတိုင်းဝန်ကြီးချုပ် တက်ရောက် ခဲ့ပြီး နောက်မျိုးဆက်တွေကို အာဇာနည်ဆိုတာ ဘာလဲဆိုတာ သိစေချင်တယ်လို့ ပြောပါတယ်။
မန္တလေးတိုင်းအတွင်းမှာဆိုရင် ဒီနှစ်ကစတင်ပြီး အာဇာနည်နေ့မတိုင်ခင် တစ်ရက်ကစတင်ပြီး ရပ်ကွက်အုပ်ချုပ်ရေး ရုံးတွေမှာ အာဇာနည်နေ့နဲ့ သက်ဆိုင်တဲ့ မိန့်ခွန်းတွေ၊ သီချင်းတွေဖွင့်ဖို့ တိုင်းအစိုးရက ညွှန်ကြားထားပါတယ်။
နှစ်စဉ် ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ကျဆုံးခဲ့တဲ့ အာဇာနည် ကိုးဦးအတွက် လွမ်းဆွတ်ခြင်း အထိမ်းအမှတ်နဲ့ ကားဟွန်းတီးတာ၊ ဥသြဆွဲတာတွေ ပြုလုပ်ကြပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ ဒီနေ့ အာဇာနည်ဗိမ္မာန်ကို မတက်ရောက်ခင် အာဇာနည်ခေါင်းဆောင် ကိုးဦး လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးများရုံးဟောင်းကို မနေ့က သွားရောက်ခဲ့ပါသေးတယ်။
အာဇာနည်နေ့ အခမ်းအနားကို ပါလီမန်ဒီမိုကရေစီအစိုးရခေတ် ၁၉၅၈ ခုနှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတ မန်းဝင်းမောင် တက်ရောက်ခဲ့ပါတယ်။
အဲဒီနောက် တော်လှန်ရေးကောင်စီအစိုးရခေတ် ၁၉၆၃ ခုနှစ်မှာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်း တက်ရောက်ဂါရဝပြုခဲ့ပြီးနောက် နှစ်ပေါင်း (၅၀) ကျော်အကြာ ဒီနှစ်မှသာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် ဂါရဝပြုတာဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)