အာဇာနည်နေ့ကို ကပ်ဘေးကာလ ကန့်သတ်ချက်တွေနဲ့ ကျင်းပမည်

ဝေယံမိုးမြင့်
2020.07.18

ဒီနှစ် ကျင်းပမယ့် အာဇာနည်နေ့အခမ်းအနားဟာ အရင်နှစ်တွေကနဲ့မတူဘဲ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု တိုက်ဖျက်ရေး အစီအစဉ်တွေကြောင့် ကန့်သတ်ချက်တွေကြားက ကျင်းပရမယ့် အခမ်းအနား ဖြစ်ပါတယ်။

ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်မှာ ကျင်းပမယ့် အခမ်းအနားကို တက်ရောက်မယ့် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ၊ အစိုးရအဖွဲ့ဝင်တွေ ၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို အချိန်ခွဲပြီး တက်ရောက် အလေးပြုနိုင်ဖို့ ပွဲကျင်းပရေး တာဝန်ရှိတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက စီစဉ်ထားပါတယ်။  

အာဇာနည်ဗိမ္မာန်မှာကျင်းပမယ့် အခမ်းအနားကို လူ ငါးဦးထက် ပိုမစုရဆိုတဲ့ ကန့်သတ်ချက်အတိုင်း ကျင်းပနိုင်ဖို့ စီစဉ်နေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ပြောပါတယ်။

"အာဇာနည်နေ့ တက်ရောက်ဂါဝရပြုမယ့် ဆွေမျိုးတွေ သားသမီးတွေကို စနစ်တကျ အစီအစဉ်တွေ ကန့်သတ် ထားတာတွေရှိပါတယ်။ ကော်မတီတွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာ ဆောင်ရွက်နေကြပါတယ်။"

အာဇာနည်ဗိမ္မာန်ကို လာရောက်အလေးပြုလိုတဲ့ ပြည်သူတွေလည်း တစ်ဦးတစ်ယောက်ချင်းစီ ဝင်ခွင့်ရမှာ မဟုတ်ဘဲ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ အစီအစဉ်နဲ့ အချိန်အပိုင်းအခြားနဲ့သာ ဝင်ရောက် ဂါရဝပြုခွင့်ရမှာပါ။

လူစုလူဝေးမဖြစ်စေဖို့ တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာကနေ အလေးပြုရမှာဖြစ်ပြီး ရွှေဂုံတိုင်လမ်းနဲ့ လင့်လမ်း ထောင့်မှာ အပူချိန်စစ်ဆေးတာတွေကို ခံယူရမှာဖြစ်ပါတယ်။

ပိုးကူးစက်မှု နောက်ဆက်တွဲ အခြေအနေတွေ ဆောင်ရွက်ရာမှာ အဆင်ပြေဖို့ လာရောက်သူ တစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း   ကောက်ယူသွားမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ မဇာယံမိုးမြင့်ကတော့ ရောဂါပျံနှံ့မှာကို စိုးရိမ်တဲ့အတွက် ဒီနှစ်တော့ သွားရောက်အလေးပြုမယ့် အစီအစဉ် မရှိပါဘူး။

"စိတ်မဝင်စားဘူးဆိုတာတော့ မဟုတ်ဘူး ဗိုလ်ချုပ် အဲလိုဖြစ်သွားတဲ့နေ့ကို အသိအမှတ်ပြုတယ် ဒါပေမဲ့ အဲကိုမသွားဘူး လူစုလူဝေးကို ရှောင်ကျဉ်တာပါ။"

ခါတိုင်းနှစ် အာဇာနည်နေ့တွေမှာ လူစည်ကားတတ်တဲ့ ရန်ကုန်က ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတဲ့ အတွင်းဝန်ရုံးတို့ကိုလည်း အများပြည်သူအတွက် ဖွင့်ထားမှာ မဟုတ်ပါဘူး။

အဲဒီနေ့မှာ သတင်းရယူဖို့အတွက် ပြည်တွင်းပြည်ပမီဒီယာ အနည်းငယ်ကိုသာ ဖိတ်ကြားထားတာပါ။

သတင်းယူခွင့်ရတဲ့ 7Day သတင်းစာ ဓာတ်ပုံသတင်းထောက် ကိုဂျေမောင်မောင် (အမရပူရ) က သူတို့ကို ဇူလိုင် ၁၆ ရက်နေ့ကတည်းက လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပြီး ကြပ်မတ်စောင့်ကြည့်နေပြီလို့ ပြောပါတယ်။

"ကျနော်တို့ သတင်းမီဒီယာအပါအဝင် အဲဒီနေ့မှာ တာဝန်ယူပေးရမယ့် အစိုးရအဖွဲ့တွေက လူတွေ အသီးသီးက မနေ့က ၁၆ရက်နေ့ကစပြီး ကွာရတင်းဝင်ရတယ် အဲဒီနေ့မှာ သူတို့စီစဉ်ပေးတဲ့ ကားနဲ့သွားပြီး အလုပ် လုပ်ရမယ်။ အားလုံးပြီးရင်တော့ ပြီးပြီပြောပါတယ်။"


တခြားပြည်နယ်နဲ့ တိုင်းတွေမှာတော့ အာဇာနည်နေ့အခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပဖို့ ညွှန်ကြား ထားပါတယ်။

ကပ်ဘေးကာလ ဖြစ်တဲ့အတွက်  အစီအစဉ် အနည်းငယ်သာ ပါဝင်လိမ့်မယ်လို့  စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။

"ဗဟိုက စာထွက်ထားတဲ့တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ အကျဉ်းချုံးဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကိုလိုက်နာဖို့ ကျနော်တို့က ခရိုင်တွေ မြို့နယ်တွေကို ပွဲမကျင်းပဖို့ ညွှန်ကြားတယ် တိုင်းကတော့ ကျင်းပမှာပါ တစ်ဖွဲ့တစ်ဖွဲ့ ငါး ဦးထက်မပိုပဲ လွမ်းသူပန်းခွေချနိုင်ပါတယ်။ အစိုးရအဖွဲ့က ၁ဝနာရီခွဲမှာ ဂါဝရပြုမှာပါ ၁၁ နာရီပတ်ဝန်းကျင်ကတော့ ပြည်သူတွေ အဖွဲ့အစည်းတွေ ငါးဦးထက်မပိုပဲ လွတ်လပ်ခွင့် ပေးပြီးချမှာပါ အခမ်းအနားကြီးတော့ မကျင်းပပါဘူး ကျန်းမာရေးဆောင်ရွက်မှုတွေကတော့ လုပ်မှာပါ။"

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေး ကာလမှာ  ည ၁၂ နာရီကနေ မနက် ၄ နာရီ အတွင်း အပြင်ထွက်သွားလာခြင်း မပြုဖို့၊ လူ ငါးဦးထက် ပိုမစုဖို့၊ လူစုလူဝေးဖြစ်စေတဲ့ ပွဲလမ်းသဘင်တွေ မကျင်းပဖို့၊ တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာမှာ နေကြဖို့ ၊ မလိုအပ်ပဲ အိမ်အပြင်မထွက်ကြဖို့၊ လက်ကိုမကြာခဏ ဆေးကြဖို့၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း နေထိုင်ကြဖို့ စတဲ့ ပန်ကြားချက်၊ အမိန့်ကြေညာစာ၊ ညွှန်ကြားချက်တွေကို ဇူလိုင် ၃၀ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။