မအူပင်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ခြောက်ဦး တိုက်ပိတ်ခံရ
2023.06.17
ဧရာဝတီတိုင်း၊ မအူပင်အကျဉ်းထောင်က ကိုစိုင်းနောင်၊ ကိုမျိုးမင်းဦး၊ ကိုဝေဖြိုးအောင်၊ ကိုသူရဦး၊ ကိုငြိမ်းချမ်းနဲ့ ရဲဒုတပ်ကြပ် တာယာလင်းတို့ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးဟာ ဇွန်လ ၁၂ ရက်နေ့ကတည်းက ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရတယ်လို့ မအူပင် ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁၁ ရက်နေ့က ဧရာဝတီတိုင်း အကျဉ်းထောင်ညွှန်ကြားရေးမှူး ဦးဇော်စစ်အောင်က မအူပင် အကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသားတွေနဲ့ တွေ့ဆုံချိန် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ငါးဦးဟာ စကားပြောဆိုမှု အဆင်မပြေဖြစ်ခဲ့တယ်ဆိုပြီး နောက်တစ်နေ့မှာပဲ မအူပင်ထောင်ပိုင်က ခေါ်ထုတ်ရိုက်နှက် ပြီး တိုက်ပိတ်ခဲ့တာပါ။
အလားတူပဲ မအူပင်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ခဲ့သူ ရဲဒုတပ်ကြပ် တာယာလင်းလည်း အကျဉ်းထောင်ထဲမှာ ရသင့်ရထိုင်တဲ့ အခွင့်အရေးတွေကို တင်ပြတောင်းဆိုခဲ့တာကြောင့် သူ့ကိုပါတိုက်ပိတ်ခဲ့တာလို့ မအူပင်အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဦးဇော်စစ်အောင်နဲ့တွေ့ပြီး နောက်တစ်နေ့မှာပဲ ရိုက်နှက်တိုက်ပိတ်ခံထားရတာ။ အခုထိအထဲမှာ ဘာဖြစ်နေလဲဆိုတာ အဆက်အသွယ် မရသေးဘူး။ ရိုက်နှက်တဲ့ အခြေအနေလည်း မသိရသေးဘူး”
ကိုစိုင်းနောင်၊ ကိုမျိုးမင်းဦး၊ ကိုဝေဖြိုးအောင်၊ ကိုသူရဦး၊ ကိုငြိမ်းချမ်းတို့ဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက မအူပင် PDF တပ်ဖွဲ့ဝင်ဆိုပြီး စစ်ကောင်စီဘက်က စွပ်စွဲဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခဲ့တာပါ။
ရဲဒုတိယတပ်ကြပ် တာယာလင်းကတော့ ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်တစ်နှစ် ကျနေရာကနေ ထောင်တွင်းဆန္ဒပြခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅- က နဲ့ ထောင်သုံးနှစ် ချမှတ်ခံထားရတာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။