မောင်တောမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ရိုဟင်ဂျာတွေ ထပ်ရောက်လာမှာ ဘင်္ဂလားဒေ့ရှ် စိုးရိမ်

RFA Burmese
2024.08.30
မောင်တောမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ရိုဟင်ဂျာတွေ ထပ်ရောက်လာမှာ ဘင်္ဂလားဒေ့ရှ် စိုးရိမ် မောင်တောမြို့နယ် တိုက်ပွဲများကြောင့် ထွက်ပြေးကြရသည့် ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် ကယ်ထုတ်ပေးနေစဉ်။
Screenshot from Arakan Bay News's Video

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ မောင်တောတစ်ဖက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဖ်ဘက်ကို ရိုဟင်ဂျာဒုက္ခသည်အသစ်တွေ ဝင်ရောက်လာမှာ စိုးရိမ်နေရတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတစ်ပုဒ်က ဆိုပါတယ်။

တက္ကနက်ဖ်ဒေသခံတွေ အပြောအရ မောင်တောဘက်မှာ ပြီးခဲ့တဲ့ သုံးရက်လောက်က ပေါက်ကွဲသံ အကျယ်ကြီးတွေ၊ နယ်စပ်မှာ လေယာဥ်တွေပျံနေပြီး တိုက်လေယာဥ်တွေက သေနတ်ပစ်သံတွေကိုလည်း ကြားရတယ်လို့ ဆိုပါတယ်။

မောင်တောဒေသမှာ ရိုဟင်ဂျာတွေအများစုနေကြပြီး အာရက္ခတပ်တော် (AA) ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုတွေကို ရင်ဆိုင်နေရတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေက ပြောကြောင်းလည်း ရေးသားထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုရခဲ့တဲ့ မကြာသေးခင်က ရိုဟင်ဂျာ နှစ်ရာဝန်းကျင်လောက် သေဆုံးခဲ့ရတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုဟာလည်း AA ဒါမှမဟုတ် စစ်ကောင်စီ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးဘူးလို့ သတင်းက ဆိုပါတယ်။

ရိုဟင်ဂျာတွေကို နှစ်ဖက်စလုံးက လူသားဒိုင်းအနေနဲ့ အသုံးချနေပြီး မကြာသေးခင်က ရိုဟင်ဂျာတစ်သောင်းလောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတာလည်း AA နဲ့ စစ်ကောင်စီ နှစ်ဖက်လုံးရဲ့ တိုက်ခိုက်မှုတွေကြောင့်လို့ ရိုဟင်ဂျာတွေကို ကူညီပေးနေတဲ့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးအဖွဲ့ (RRRC) က ပြောကြောင်း ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနက်ဖ်ပြည်နယ် အကြီးအကဲကတော့ မြန်မာဘက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဒီလိုဆက်ပြင်းထန်နေရင် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာနိုင်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်း (၂) ကတော့ ပိုင်နက်ကျူးလွန်မှုမှန်သမျှ တားဆီးဖို့ နယ်စပ်တစ်လျှောက်မှာ အသင့်ရှိနေပြီး လက်ရှိအချိန်ထိ နတ်မြစ်ထဲက ရိုဟင်ဂျာလှေအမြောက်အမြားကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြန်လှည့်ခိုင်းနေတယ်လို့လည်း သတင်းက ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။