မောင်တောက ရိုဟင်ဂျာလေးထောင်ကျော်ကို AA က ဘေးလွတ်ရာပို့ဆောင်ခဲ့ကြောင်း ဒေသခံတွေပြော

RFA Burmese
2024.06.28
မောင်တောက ရိုဟင်ဂျာလေးထောင်ကျော်ကို AA က ဘေးလွတ်ရာပို့ဆောင်ခဲ့ကြောင်း ဒေသခံတွေပြော မောင်တောမြို့နယ်အတွင်းရှိ ရိုဟင်ဂျာလူငယ်တချို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဥ်။
Photo: RFA

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်က ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာ လေးထောင်ကျော်ကို ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၂၆ ရက်နေ့မှာ ဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ရိုဟင်ဂျာတွေဟာ ရွှေဇားကျေးရွာအုပ်စုအတွင်းက ရွာတွေမှာ နေထိုင်ကြသူတွေဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရွာတွေအတွင်း ဝင်ရောက်တပ်စွဲတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ မွတ်စလင်ရွာမှာ လေးဘက်လေးတန်က စစ်သား(စစ်ကောင်စီတပ်)တွေရှိတယ်။ ညဘက်ဆို တစ်ညလုံး သေနတ်တွေပစ်တယ်။ လူတွေကို ထိတယ်။ ကျွန်တော်တို့ ရှေ့မှာ သေတာတွေလည်း မြင်တွေ့ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြေးလာကြတာ”

နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို AA တပ်ဖွဲ့ဝင်တွေက ယာဉ်ကြီး၊ ယာဉ်ငယ်တွေနဲ့ ကယ်ထုတ်ခဲ့တာဖြစ်ပြီး ဘယ်နေရာကို ပို့ဆောင်ပေးခဲ့တယ်ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

လက်ရှိမှာ ရွှေဇားကျေးရွာအုပ်စုအတွင်းက တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာတချို့လည်း မောင်တောမြို့ပေါ် အမှတ်(၁) ရပ်ကွက်နဲ့ အမှတ်(၂) ရပ်ကွက်တွေမှာ ကျန်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်ရဲ ပူးပေါင်းအဖွဲ့တွေကတော့ မောင်တောမြို့အနီးမှာရှိတဲ့ ဇင်တူလာ၊ ဇူလ၊ ဟော်ရိုက်တာလာ၊ အမှတ်(၅) ရပ်ကွက်နဲ့ ရွှေဇားကျေးရွာအုပ်စုက ရိုဟင်ဂျာကျေးရွာတွေကို ဝင်ရောက် တပ်စွဲထားတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇွန်လ ၂၅ ရက်နေ့ကလည်း ဇင်တူလာရွာအတွင်း ပိတ်မိနေတဲ့ ရိုဟင်ဂျာအသက်ကြီးပိုင်းတွေနဲ့ ကျန်းမာရေး မကောင်းသူ တချို့ကို AA က ကယ်ထုတ်ပြီး ဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။