မောင်တောတိုက်ပွဲမှာ ပိတ်မိနေတဲ့ ရိုဟင်ဂျာရှစ်ရာခန့်ကို AA ကယ်ထုတ်
2024.08.10
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ရိုဟင်ဂျာ ရှစ်ရာခန့်ကို ဘေးကင်းရာကို ကယ်ထုတ်ပေးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က သြဂုတ်လ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်မှူးရွာက လူသုံးရာခန့်နဲ့ မောင်တောမြို့ အမှတ် (၈) ရပ်ကွက် ကညင်တန်းရွာက လူငါးရာခန့်ကို သြဂုတ် ၈ ရက်နေ့မှာ ကယ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။
ကယ်ထုတ်လာသူတွေထဲမှာ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးတွေလည်း ပါဝင်ပြီး တချို့က စားနပ်ရိက္ခာပြတ်တောက်ပြီး အစာရေစာပြတ်လပ်မှုဒဏ်ကို ခံစားခဲ့ရတယ်လို့ AA က ပြောပါတယ်။
ဒီရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်က သင်တန်းပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းအဖြစ် ဖမ်းဆီးပိတ်လှောင်ထားတာလို့ AA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
မောင်တောမြို့က တိုက်ပွဲတွေကြောင့် အခုရက်ပိုင်းတွေအတွင်း ရိုဟင်ဂျာ ၁၅၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးသွားကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ခိုလှုံခွင့်ရဖို့ နယ်စပ်မှာ စောင့်ဆိုင်းနေတဲ့ ရိုဟင်ဂျာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။