မောင်တောမြို့နယ်က ရိုဟင်ဂျာတွေကို AA ကယ်ထုတ်
2024.08.09
Updated 3:00 PM Aug 9, 2024
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့မှာ တိုက်ပွဲတွေကြောင့် ပိတ်နေတဲ့ရိုဟင်ဂျာတွေကို အာရက္ခတပ်တော် (AA)က ကယ်ထုတ်ပေးခဲ့တယ်လို့ သြဂုတ် ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီရိုဟင်ဂျာတွေဟာ မောင်တောမြို့ အမှတ် (၂) ရပ်ကွက်နဲ့ လသာကျေးရွာမှာ နေထိုင်ကြသူတွေဖြစ်ပြီး သူတို့ကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် လုပ်ဆောင်ခံထားရသူတွေလို့ AA အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီရိုဟင်ဂျာတွေကို အာရက္ခတပ်တော် (AA) က သွားရောက်ကယ်ထုတ်ပြီးနောက် လုံခြုံတဲ့နေရာတွေကို ပြောင်းရွှေ့ပေးထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာရက္ခတပ်တော် (AA) ရဲ့ သြဂုတ်လ ၈ ရက် ရုပ်သံထုတ်ပြန်ချက်ထဲမှာ ကယ်ထုတ်လာတဲ့ ရိုဟင်ဂျာတွေထဲ သက်ကြီးရွယ်အို၊ ကလေးငယ်၊ အမျိုးသမီးတွေနဲ့ အမျိုးသားတွေပါဝင်ပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေကြတာ တွေ့ရပါတယ်။
အရေအတွက် ဘယ်လောက်ထိ ကယ်ထုတ်ခဲ့တယ်ဆိုတာတော့ အာရက္ခတပ်တော် (AA) က ပြောဆိုတာမရှိသလို ဒီအထဲ ရိုဟင်ဂျာတွေလည်း ပါဝင်တဲ့အပြင် ရခိုင်၊ ဟိန္ဒိူနဲ့ တခြားလူမျိုးစုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မောင်တောမြို့နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ AA ပြောခွင့်ရသူတွေကို RFA ကဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ပြီးခဲ့တဲ့မေလကစပြီး ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းထန်နေတာပါ။
မောင်တောမြို့နယ်က တိုက်ပွဲတွေကြောင့် သြဂုတ် ၆ ရက်နေ့က ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးရာက နတ်မြစ်ထဲမှာ လှေနစ်မြုပ်ပြီး ၃၄ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒေသအာဏာပိုင်က သြဂုတ် ၈ ရက်မနေ့က ပြောပါတယ်။