ရခိုင်မှာ စစ်ကောင်စီတပ်ဖွဲ့က ပြည်သူတွေကိုဦးတည်တိုက်ခိုက်နေကြောင်း AA ပြော

2022.11.17
Share on WhatsApp
Share on WhatsApp
ရခိုင်မှာ စစ်ကောင်စီတပ်ဖွဲ့က ပြည်သူတွေကိုဦးတည်တိုက်ခိုက်နေကြောင်း AA ပြော ရခိုင်ပြည်၊ မောင်တောမြို့နယ် ဂြစ်ချောင်းရွာတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်က လက်နက်ကြီး ထိမှန်သူများအား ဆေးရုံသို့ သယ်ဆောင်ကြစဉ်။
Photo: Zaw Gyi

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပြီး အစုလိုက် အပြုံလိုက် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၁၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အရပ်သားတွေနေထိုင်တဲ့ ရွာတွေ၊ နေအိမ်တွေကို လက်နက်ကြီး၊ တိုက်လေယာဉ်၊ ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်နေတာတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ပွဲအတွင်းလိုက်နာရမယ့် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှုတွေကို နေ့စဉ်ရက်ဆက် ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် နိုဝင်ဘာ ၁၆ ရက် မနေ့က တစ်ရက်တည်းမှာတင် မောင်တောမြို့နယ် ဂြစ်ချောင်းရွာမှာ ရွာသား ၁၁ ဦးသေဆုံးသွားပြီး ၂၀ ဦး ဒဏ်ရာရသွားခဲ့သလို ကျောက်တော်မြို့နယ် ချောင်းတူရွာမှာလည်း ရွာသား သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အဲဒီလက်နက်ကြီးတွေဟာ မောင်တောမြိုနယ် နခခ (၇) တပ်ရင်းနဲ့ ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ခမရ - (၅၃၉) တပ်ရင်းတွေက ရွာအနီးတိုက်ပွဲဖြစ်တာမရှိဘဲ ရွာထဲကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီရွာထဲကိုကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးတွေဟာ ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်ခဲ့တာလို့ မနေ့က ထုတ်ပြန်ထားပါတယ်။

ကျောက်တော်နဲ့ မောင်တောမြို့နယ်တွေမှာ မနေ့က တိုက်ပွဲဖြစ်ပြီးနောက် AA တပ်ဖွဲ့ဝင်တွေ ဆုပ်ခွာစဉ်မှာ ရွာထဲပစ်ခတ်ခဲ့တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့ မောင်တော မြို့နယ် ဂြစ်ချောင်းရွာနဲ့ ကျောက်တော်မြို့နယ် ချောင်းတူရွာက ရွာသားတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အဲဒီလက်နက်ကြီးတွေဟာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ တာလို့ ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်တာ လေးလကျော်ရှိနေပြီဖြစ်သလို တိုက်ပွဲပြင်ထန်လာတာနဲ့အမျှ အရပ်သား သေဆုံးမှုဟာလည်း နေ့စဉ်နဲ့အမျှတိုးလာနေပါတယ်။

RFA ကသီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကနေ နိုဝင်ဘာ ၁၇ ရက် ဒီနေ့အထိ တစ်ကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် တွေမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် သေဆုံးတဲ့အရပ်သား ၄၄ ဦးနဲ့ ဒဏ်ရာရသူ ၁၀၂ ဦးထိ ရှိလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။