မောင်တောမှာ လက်နက်ကြီးကြောင့် ဒဏ်ရာရသူ နောက်တစ်ဦး သေဆုံး၊ ကျောက်တော်မှာ နှစ်ဦး ဒဏ်ရာရ

2022.11.18
မောင်တောမှာ လက်နက်ကြီးကြောင့် ဒဏ်ရာရသူ နောက်တစ်ဦး သေဆုံး၊ ကျောက်တော်မှာ နှစ်ဦး ဒဏ်ရာရ မောင်တောမြို့နယ် ဂြစ်ချောင်းရွာမှ ဒဏ်ရာရလူနာများအား စစ်တွေဆေးရုံသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က သယ်ဆောင်လာစဉ်။
ဓာတ်ပုံ - မေတ္တာရောင်ခြည် ဖောင်ဒေးရှင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဂြစ်ချောင်းရွာထဲမှာ နိုဝင်ဘာလ ၁၆ ရက်နေ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ထဲက နောက်ထပ် လူငယ်တစ်ဦး နိုဝင်ဘာလ ၁၇ ရက် မနေ့ညက သေဆုံးသွားသလို ကျောက်တော်မြို့နယ်မှာလည်း မနေ့က စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂြစ်ချောင်းကျေးရွာက သေဆုံးသူနောက်တစ်ဦးဟာ အသက် ၁၆ နှစ်အရွယ် ငွေပိုလ်ဖြစ်ပြီး မောင်တောမြို့ဆေးရုံကနေ စစ်တွေဆေးရုံကို ပို့ဆောင်ပြီးနောက် မနေ့ ည ၁၀ နာရီလောက်မှာ သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသား တစ်ဦးက ပြောပါတယ်။

“ဒဏ်ရာပြင်းထန်တဲ့ နှစ်ယောက်ကို မနေ့ကပဲ မောင်တောဆေးရုံကနေ စစ်တွေ ဆေးရုံကိုပို့တာ။ မနေ့က ည ၁၀ နာရီလောက်မှာ တစ်ယောက်သေသွားတာ။ အခု မောင်တောဆေးရုံမှာရော တခြား ဒဏ်ရာစိုးရိမ်ရတဲ့သူတွေလည်း အများကြီး ရှိသေးတယ်”

မောင်တောမြို့နယ် ဂြစ်ချောင်းရွာမှာ နိုဝင်ဘာ ၁၆ ရက်နေ့က လက်နက်ကြီးကျည်ငါးလုံး ရွာထဲကို ကျရောက်ပေါက်ကွဲတာကြောင့် ရွာသား ၁၁ ဦးပွဲချင်းပြီး သေဆုံးသွားပြီး ၂၀ ကျော် ဒဏ်ရာရသွားခဲ့တာပါ။

အဲဒီလက်နက်ကြီးဟာ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တာလို့ ရက္ခိုင့် တပ်တော် (AA) က နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကလည်း အဲဒီလက်နက်ကြီးကျည်တွေဟာ အေအေ အဖွဲ့ကပစ်ခတ် ခဲ့တာလို့ နိုဝင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သလို ဂြစ်ချောင်းကျေးရွာသားတွေကို မောင်တောမြို့နယ် ကြိမ်ချောင်း အမှတ် (၂၄) ဗျူဟာကို အစည်းအဝေးခေါ်ပြီး အေအေ အဖွဲ့က ကျေးရွာထဲပစ်ခတ်ခဲ့တာလို့ ပြောဆိုခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကိုလည်း ငွေကျပ် ငါးသိန်းနဲ့ ဆန်အိပ်တွေပေးခဲ့တယ် လို့လည်း ဆိုပါတယ်။

ဒေသခံတွေကတော့ အဲဒီလက်နက်ကြီးဟာ ကြိမ်ချောင်းအခြေစိုက် အမှတ် (၂၄) ဗျူဟာနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ (၇) က ပစ်ခတ်တာဖြစ်ပြီး လက်နက်ကြီးကျည်စတွေ ကိုလည်း သက်သေအဖြစ် သိမ်းဆည်းထားတယ်လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာလည်း နိုဝင်ဘာ ၁၇ ရက်နေ့ မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ် နေဗီကနေ အရပ်သား ဝန်တင်စက်လှေတစ်စင်းကို ပစ်ခတ်တာကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဝါးကင်းဒုံးရွာက အသက် ၂၃ နှစ်အရွယ် ကိုနီချိုင်းမှာ ပေါင်နဲ့ အသက် ၃၀ အရွယ် ကိုရရှ်မှာ ဦးခေါင်းမှာ ဒဏ်ရာအပြင်းအထန်ရသွားတာလို့ ဆိုပါတယ်။

သူတို့ဟာ ကူလီထမ်းသမားတွေဖြစ်ပြီး ပလက်ဝ-ကျောက်တော်စက်လှေကို အချိန်မမီ လိုက်တာကြောင့် အဲဒီပစ္စည်းတွေကို ကုလားတန်မြစ်ထဲက လိုက်လံပို့ဆောင်ရာ ရုပ်သားရွာအနားမှာ ပစ်ခတ်ခံရတာလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာရသူတွေကို ကျောက်တော်ဆေးရုံမှာ ဆေးကုသထားပြီး ခေါင်းထိလူနာကတော့ စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်တာ လေးလကျော်ရှိနေပြီဖြစ်သလို တိုက်ပွဲပြင်ထန်လာတာနဲ့အမျှ အရပ်သား သေဆုံးမှုဟာလည်း နေ့စဉ်နဲ့အမျှတိုးလာနေပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ ဒီတစ်ကျော့ပြန်တိုက်ပွဲတွင်း ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် သေဆုံးတဲ့အရပ်သား ၄၅ ဦးနဲ့ ဒဏ်ရာရသူ ၁၀၄ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။