မောင်တောမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည် လေးဦးသေဆုံး
2024.11.03
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပြားသားရွာမှာ အောက်တိုဘာ ၂ ရက်နေ့ညက စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည် လေးဦး သေဆုံးသွားတယ်လို့ ရခိုင်သတင်းတွေကိုဖော်ပြနေတဲ့ Arakan Princess Media က ဒီနေ့ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဥ်နဲ့ ပြားသားရွာကို ဗုံးနှစ်ကြိမ်ကြဲချခဲ့ပြီး ဒုတိယအကြိမ်မှာ ရွာဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲတာကြောင့် အဲဒီကျောင်းမှာနေထိုင်တဲ့ စစ်ဘေးဒုက္ခသည်လေးဦး သေဆုံးပြီး ရဟန်းတစ်ပါး အပါအဝင် နှစ်ဦး ထိခိုက်သွားတယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ မောင်တောမြို့က နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ အသက် ၅၇ နှစ်အရွယ် ဦးရွှေကျော် (ခေါ်) ဦးညီချေ၊ အသက် ၆၄ နှစ်အရွယ်တွေဖြစ်တဲ့ ဒေါ်မစောရီ (ခေါ်) ဒေါ်မစိန်ဘု၊ ဦးမောင်သန်းနဲ့ အသက် ၁၇ နှစ်အရွယ် မောင်ထွန်းထွန်းဝင်းတို့ ဖြစ်ပါတယ်။
နိုဝင်ဘာ ၃ ရက်ဒီနေ့ မနက်မှာလည်း တောင်ကုတ်မြို့အနီးဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ထိခိုက်မှုအသေးစိတ်ကို မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ကုတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြို့ပတ်ပတ်လည်အနီးအနားကို ဗုံးကြဲတယ်။ လက်နက်ကြီးတွေနဲ့ တစ်ခါ တစ်ခါပစ်တယ်။ ဖုန်းလိုင်းကလည်း မနေ့ကမှ ပြန်ရတာဆိုတော့ ဘယ်နေရာတွေ ထိခိုက်သွားလဲဆိုတာ မသိရသေးဘူး။ တောင်ကုတ်မြို့မှာ လျှပ်စစ်မီးမရတာ နှစ်ပတ်လောက် ရှိနေပြီ”
ဒီတိုက်ခိုက်မှုဖြစ်စဥ်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းစက်ပိတ်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က မောင်တောမြို့နယ်၊ ဖားဝတ်ချောင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေ အပါအဝင် အရပ်သားငါးဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
RFA ရဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သံတွဲ၊ မောင်တော၊ ပေါက်တော၊ မြေပုံ၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ အရပ်သားနဲ့ စစ်သုံ့ပန်းတွေ အပါအဝင် ၉၃ ဦး သေဆုံးပြီး ၆၆ ဦးထက်မနည်း ထိခိုက်ခဲ့ပါတယ်။