ဒေါ်အောင်ဆန်းစုကြည်အမှု တရားလိုပြ သက်သေ ဦးမောင်ဝိတ် ပြန်လွတ်လာ
2023.06.29

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ဇွန်လ ၂၉ ရက်နေ့က ပြန်လွတ်လာပါတယ်။
ပြန်လွတ်လာပြီး အိမ်ရောက်လာတဲ့အတွက် ကံဇာတ်ဆရာကို ကျေးဇူးတင်ကြောင်းနဲ့ မိခင်ဖြစ်သူလည်း ဝမ်းသာနေတယ်ဆိုပြီး သူ့ရဲ့ "စေပိုင်" ဖွံ့ဖြိုးမှုလီမိတက် Sae Paing ဖေ့စ်ဘွတ်လူမှုကွန်ရက်အကောင့်မှာ ရေးထားတာပါ။
ဦးမောင်ဝိတ်ဟာ ဒေါ်အောင်ဆန်းစုကြည်အပါဝင် NLD အစိုးရခေါင်းဆောင်တွေ အဂတိလိုက်စားခဲ့တယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက တရားစွဲတဲ့အမှုတွေမှာ တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့သူပါ။
စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေဖို့အတွက် "ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း" အလှူငွေအဖြစ် အကြောင်းပြပြီး ၂ဝ၁၉ ခုနှစ်နဲ့ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ ပေးခဲ့တယ်ဆိုပြီး စွပ်စွဲတဲ့အမှုမှာလည်း ဦးမောင်ဝိတ်က သက်သေထွက်ခဲ့ပါတယ်။ ဒီငွေတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အသုံးပြုဖို့ လှူခဲ့တဲ့အကြောင်း ဦးမောင်ဝိတ်က တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
ဒီအမှုအတွက် အဂတိလိုက်စားမှုမြောက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် သုံးနှစ်ချခဲ့ပါတယ်။
ဒါ့ပြင် ဦးမောင်ဝိတ်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဆေးကုသဖို့အတွက် အမေရိကန်ဒေါ်လာ တစ်သိန်းနဲ့ ကျပ်ငွေ သိန်း ၆၅၀ လာဘ်ပေးခဲ့တယ်လို့လည်း စစ်ကောင်စီက စွပ်စွဲခဲ့ပါတယ်။
ဦးမောင်ဝိတ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး နှစ်နှစ်နဲ့လေးလကျော်အကြာမှာ ပြန်လွတ်လာတာပါ။
သူ့ကို ဘယ်မှာချုပ်နှောင်ထားတယ်၊ ပြစ်ဒဏ်ချခဲ့တာ ရှိ၊ မရှိ ဆိုတာတွေကို ထုတ်ဖော်ပြောဆိုတာမရှိသလို စစ်ကောင်စီဘက်ကလည်း ဦးမောင်ဝိတ်နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိခဲ့ပါဘူး။