မန္တလေး PDF ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်နေ

RFA Burmese
2025.01.10
မန္တလေး PDF ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်နေ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာက လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံအချို့ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က တွေ့ရစဥ်။
Facebook/ Bo Lin Yone

မန္တလေးတိုင်းထဲက ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး (MDY-PDF) ထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းက ရွာတွေကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပြောပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ MDY-PDF ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့နယ် ကံတောင်ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် အရပ်သား သုံးဆယ်ထက်မနည်း ဒဏ်ရာရထားတယ်လို့ စဥ့်ကူးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လုပ်ငန်းခွင်ထဲ ကျတာ။ စားဖိုဆောင်ပေါ် တစ်လုံးကျတယ် သိရတယ်။ လူနာတင်ယာဥ်တွေ ဆယ်စီးလောက် ပြေးလွှားနေရပါတယ်။ သေဆုံးတာ ရှိတယ်။ ဘယ်လောက် သေတယ်တော့ မသိရဘူး။ ဒဏ်ရာရတာကို သုံးဆယ်ထက်မနည်းဘူး။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ပြည်သူတွေ အစုလိုက်အပြုံလိုက် ရှိတဲ့နေရာပါ”

ဇန်နဝါရီ ၇ ရက်နေ့ကလည်း MDY-PDF ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်က ဝက်သေရွာနဲ့ ရေထွက်ရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သေဆုံး၊ ထိခိုက်မှု အခြေအနေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

မန္တလေးမြို့အနီးက မတ္တရာမြို့နယ်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်နေတယ်လို့ MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။

“မတ္တရာမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာရှိပေမဲ့ ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေမှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ ကျေးရွာတွေနားကို လေကြောင်း တိုက်ခိုက်ခဲ့တာပါ”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းကလည်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် နှစ်ဦး သေဆုံးပြီး နောက်ထပ် နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။