မန္တလေး-မိုးကုတ်လမ်းက အရေးပါတဲ့တပ်စခန်းတွေ သိမ်းပိုက်နိုင်ခဲ့ကြောင်း MDY-PDF ပြော

RFA Burmese
2024.07.04
မန္တလေး-မိုးကုတ်လမ်းက အရေးပါတဲ့တပ်စခန်းတွေ သိမ်းပိုက်နိုင်ခဲ့ကြောင်း MDY-PDF ပြော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တပ်ဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။
Facebook/ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး

မန္တလေး-မိုးကုတ် ကားလမ်းကိုထိန်းချုပ်နိုင်ဖို့ အရေးပါတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်က တပ်စခန်းခြောက်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မန္တလေး (MDY-PDF) ပြောခွင့်ရသူ ကိုအော်စမွန်က ဇူလိုင်လ ၄ ရက်နေ့မှာ RFA ကို ပြောပါတယ်။

“စဥ့်ကူးမြို့နယ်က ကျွန်တော်တို့သိမ်းလိုက်တဲ့ ရန်သူ့တပ်စခန်းတွေဟာ မန္တလေး-မိုးကုတ် ကားလမ်းတစ်လျှောက်ကို ထိန်းချုပ်စိုးမိုးနိုင်ဖို့အတွက် အဓိက အရေးပါတဲ့တပ်စခန်းတွေ ဖြစ်ပါတယ်။ စဥ့်ကူးနဲ့ မတ္တရာမြို့ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ သတ်မှတ်ထားတဲ့စစ်စခန်းတွေကို ဆက်ပြီးတိုက်ခိုက်နေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ ဖော်ဆောင်သွားဖို့လည်း ရှိပါတယ်”

စဥ့်ကူးမြို့နယ်ထဲက နွယ်ရုံရဲစခန်းအပါအဝင် ဒိုးနွယ်ရွာတပ်စခန်း၊ နမ့်ဟပ်ရွာတပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင်တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်းနဲ့ ရွာတော်လေးတပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တာလို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

နောက်ထပ် ကျန်နေတဲ့တပ်စခန်းတွေကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက်တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာပါ။ တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေလည်း ရှိနေပြီး သေဆုံးထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇွန် ၂၅ ရက်နေ့ကစလို့ ၂၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

ဒီတိုက်ခိုက်မှုတွေအတွင်း မန္တလေးတိုင်း မိုးကုတ်မြို့နယ်က နယ်မြေအများစုကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်တွေဘက်က ထိန်းချုပ်ထားနိုင်ပြီလို့ ပူးပေါင်းတပ်တွေဘက်က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။