မတ္တရာနဲ့ စဉ့်ကူးက ပြည်သူ့စစ်နဲ့ပျူစောထီးတွေ လက်နက်ချဖို့ MDY-PDF တိုက်တွန်း

RFA Burmese
2024.07.05
မတ္တရာနဲ့ စဉ့်ကူးက ပြည်သူ့စစ်နဲ့ပျူစောထီးတွေ လက်နက်ချဖို့ MDY-PDF တိုက်တွန်း မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။
MDY-PDF

မန္တလေးတိုင်း မတ္တရာနဲ့ စဉ့်ကူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေ၊ ပျူစောထီး တပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံးလက်နက်ချပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မန္တလေး (MDY-PDF) က ဇူလိုင်လ ၅ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

လွဲမှားတဲ့ ယုံကြည်ချက်ကြောင့်ဖြစ်စေ၊ အဓမ္မစေခိုင်းခံရတာကြောင့်ဖြစ်စေ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို ရပ်တန့်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံဖို့ အကောင်းဆုံးနဲ့ နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေကို MDY-PDF က ကြိုဆိုပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နေထိုင်ခွင့်ရမယ်ဆိုတဲ့ ကတိပြုကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

MDY-PDF အဖွဲ့ဟာ နိုင်ငံတကာ စစ်ဥပဒေတွေနဲ့ ကျင့်ဝတ်တွေကို လေးစားလိုက်နာတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်တွန်းချက်ကို လက်မခံဘဲ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းနေမယ်ဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တန်းတူသတ်မှတ်ပြီး ပြတ်ပြတ်သားသား ချေးမှုန်းသွားမယ်လို့လည်း သတိပေးထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးတို့ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စဥ့်ကူးမြို့နယ်က တပ်စခန်းခြောက်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF ပြောခွင့်ရသူ ကိုအော်စမွန်က ဇူလိုင်လ ၄ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကစပြီး ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ မဟာမိတ်အဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ မဟာမိတ်တွေပါဝင်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးဟာ မန္တလေးတိုင်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး စတင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုး (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။