ပူတာအိုမှာ လမ်းပိတ်တာ နှစ်လရှိလာပြီး ဆေးဝါးနဲ့ စားသောက်ကုန် ပြတ်လပ်နေ

RFA Burmese
2024.05.04
ပူတာအိုမှာ လမ်းပိတ်တာ နှစ်လရှိလာပြီး ဆေးဝါးနဲ့ စားသောက်ကုန် ပြတ်လပ်နေ ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ မြို့မစျေးဝန်းကျင်ကို ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်က ပူတာအိုမြို့နယ်ကို အဓိက ကုန်ပစ္စည်းတင်သွင်းနေတဲ့ ပူတာအို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကို နှစ်လနီးပါးကြာ ပိတ်ထားတာကြောင့် ဆေးဝါးပစ္စည်းတွေနဲ့ စားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၉ ရက်နေ့ကတည်းက တိုက်ပွဲတွေကြောင့် ပြည်ထောင်စုလမ်းမကို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့က ဖြတ်သန်းခွင့်ပိတ်လိုက်တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါကြောင့် ဆန်ကိုးလုံးကို ကျပ်တစ်သောင်း၊ ကြက်ဥတစ်လုံးကို ကျပ်နှစ်ထောင်၊ စက်သုံးဆီ ရေသန့်တစ်ဘူးကို ကျပ်သုံးသောင်းပေးဝယ်နေရပြီး ဆေးဝါးပစ္စည်းတွေကတော့ ဝယ်မရအောင် ပြတ်နေတယ်လို့ အမည်မဖော်လိုတဲ့ ပူတာအိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လမ်းပိတ်ထားတော့ အတော်ကို ဆိုးနေတာ။ မနေ့က အမျိုးသမီးနေမကောင်းလို့ ပုလင်းချိတ်ဖို့ လိုက်ရှာတာ ပူတာအိုဆေးရုံလည်း မရှိဘူး။ ပူတာအိုမြို့က ဘယ်ဆေးဆိုင်မှလည်း မရှိဘူး။ ဖျားနာပျောက်ဆေးတွေလည်း တစ်မြို့လုံးဆေးဆိုင်မှာ ပစ္စည်းပြတ်ကုန်ပြီ"

ကချင်ပြည်နယ်အတွင်းက တာဝန်ရှိသူတွေအနေနဲ့ တိုက်ပွဲတွေမရှိတဲ့ကာလတွေမှာ အဲဒီပြည်ထောင်စုလမ်းမကို ပြန်ဖွင့်ပေးစေချင်တယ်လို့ ဆိုပါတယ်။

စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်း ပြတ်လပ်တာတွေကြောင့် ကျန်းမာရေးမကောင်းတဲ့ အသက်အရွယ်ကြီးသူတချို့လည်း ဒီရက်ပိုင်းမှာ သေဆုံးတာတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုမြို့ဟာ ရေခဲတောင်ပတ်လည်ဝန်းရံထားတဲ့ တောင်ပေါ် ဒေသဖြစ်ပြီး စပါးကိုသာ အဓိက စိုက်ပျိုးကြတာပါ။ ကျန်တဲ့ ဆေးဝါးပစ္စည်းနဲ့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စတဲ့ ရိက္ခာတွေကိုတော့ မြစ်ကြီးနားကနေ ဝယ်ယူအသုံးပြုကြရတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုမြို့က ရွှေတူးဖော်တဲ့လုပ်ကွက်တွေမှာတော့ စက်သုံးဆီတွေကို ဆော့လော်မြို့ကနေ ခေါင်လန်ဖူးမြို့ကိုဖြတ်ပြီး သယ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ (KIA) သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။