ဈေးကွက်ထဲက အိမ်သုံးဆေးဝါးတွေ နှစ်ဆနီးပါး စျေးတက်

RFA Burmese
2023.07.12
ဈေးကွက်ထဲက အိမ်သုံးဆေးဝါးတွေ နှစ်ဆနီးပါး စျေးတက် ရန်ကုန်မြို့က ဆေးဆိုင်တစ်ဆိုင်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်က ၁၅ ရက်နေ့က တွေ့ရစဉ်။
RFA

ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အိမ်သုံးဆေးဝါးတွေ အရင်ထက် နှစ်ဆနီးပါး ဈေးမြင့်တက်သွားတယ်လို့ ရန်ကုန်မြို့က ဆေးဝါးရောင်းချသူတွေက ဇူလိုင်လ ၁၂ ရက်နေ့ ဒီနေ့မှာ RFA ကိုပြောပါတယ်။

ဇွန်လ တတိယပတ်လောက်ကစလို့ တဖြည်းဖြည်း မြင့်တက်လာတာဖြစ်ပြီး လက်ရှိမှာ Decolgen၊ Neo Mixagrip၊ Paracap၊ Fluza စတဲ့ အခြေခံဆေးဝါးတွေဟာ ဇွန်လဆန်းပိုင်းမှာရှိနေတဲ့ စျေးထက် နှစ်ဆနီးပါး မြင့်တက်သွားတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဆေးဝါးဈေးကွက်ဟာ ပြည်ပကတင်သွင်းတဲ့ ဆေးဝါးအမျိုးအစား အများစုနဲ့ လည်ပတ်နေရတာကြောင့် ဒေါ်လာဈေး တက်လာတာနဲ့အမျှ ဆေးဝါးဈေးနှုန်းလည်း တက်လာတာလို့ ရန်ကုန်တိုင်း၊ သံလျင်မြို့နယ်မှာရှိတဲ့ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

"ဈေးကတော့ တက်လား မတက်လား မမေးနဲ့ ဆေးဆိုင်ဖွင့်တာ နှစ်ပေါင်း သုံးဆယ်လောက် ကြာနေတာတောင် ဆေးလာဝယ်ရင် ဈေးကို တန်းမပြောရဲဘူး။ နေ့တိုင်း အတက်ဘက်မှာပဲ ရှိတော့ ဘာဆေးက ဘယ်လောက် တက်သွားတယ်ဆိုတာ မမှတ်မိနိုင်ဘူး။ သွေးကျဆေး Amolong-5 တို့ ဘာတို့ဆို ဒီကထုတ်တာ မဟုတ်ဘူးလေ၊ ထိုင်းကဝင်တယ်၊ အိန္ဒိယကဝင်တယ်၊ အဲဒီတော့ ဒေါ်လာဈေးတက်ရင် သူတို့လည်း အော်တိုတက်ပြီ"

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းကလည်း အိမ်သုံးဆေးဝါးတွေ အဆမတန် ဈေးမြင့်တက်ခဲ့ပေမယ့် အခုလောက် မဆိုးရွားခဲ့ဘူးလို့ သူက ဆိုပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ ကြေညာခဲ့ပြီးနောက် ဒေါ်လာနဲ့ ရွှေဈေး မြင့်တက်လာတာပါ။
ဒေါ်လာစျေး မြင့်တက်လာတာနဲ့အမျှ ပြည်ပသွင်းကုန်စျေးနှုန်းတွေလည်း တက်လာတာလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရွှေနဲ့ ဒေါ်လာဈေး ကစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လည်း ဇွန်လ တတိယပတ်ကစလို့ စီးပွားရေး လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဆက်တိုက် ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။