နှစ်နိုင်ငံနယ်စပ်အရေး တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်စစ်ကောင်စီဆွေးနွေး

RFA Burmese
2023.08.25
နှစ်နိုင်ငံနယ်စပ်အရေး တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်စစ်ကောင်စီဆွေးနွေး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တွေ့ရစဉ်။
Photo: RFA

မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်အရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံ၊ နုကျန်းပြည်နယ်ခွဲ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်ပြည်နယ် စစ်ကောင်စီတို့ မြစ်ကြီးနားမြို့မှာ ဩဂုတ်လ ၂၄ ရက်နဲ့ ၂၅ ရက်နေ့ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြတယ်လို့ ကချင်ပြည်နယ်စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက RFA ကိုပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၊ ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့ကြတာလို့ အမည်မဖော်လိုတဲ့ ကချင်ပြည်နယ် စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"နုကျန်းဆိုတာကလည်း ကချင်နဲ့ နယ်နိမိတ်ထိစပ်တဲ့ ပြည်နယ်တစ်ခုပဲဆိုတော့ နယ်စပ်ကုန်သွယ်ရေး၊ ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ တခြား ရင်းနှီးမြှုပ်နှံတဲ့ကိစ္စတွေ ဆွေးနွေးခဲ့တာလို့ သိထားပါတယ်။ သူတို့ကို ပြည်နယ်ဝန်ကြီးချုပ်ကြီး အပါအဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ သယံဇာတဝန်ကြီး၊ စီးပွားရေးဝန်ကြီးတို့က လက်ခံတွေ့ဆုံ ခဲ့တာပါ"

လူ ၂၀ ခန့်ပါဝင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ဩဂုတ်လ ၂၄ ရက် မနက် ၁၀ နာရီ လောက်က အထူးလေယာဉ်နဲ့ မြစ်ကြီးနားမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူတို့ကို စစ်ကောင်စီတပ်က လုံခြုံရေးယူပေးခဲ့တယ်လို့လည်းဆိုပါတယ်။

နှစ်နိုင်ငံ ဆွေးနွေးမှုကို တံခါးပိတ်ပြုလုပ်ခဲ့ကြတာကြောင့် ဆွေးနွေးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ နိုင်ငံခြားသား ဧည့်သည်တွေနဲ့ အစည်းအဝေးတွေ ရှိနေသေးလို့ အသေးစိတ်အချက်အလက်ကို မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

အဲဒီ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်က အင်ဂါပါ စားသောက်ဆိုင်မှာ နေ့လယ်စာစားပြီး ဒီနေ့မွန်းလွဲ ၂ နာရီမှာတော့ နုကျန်းပြည်နယ်ကို အထူးလေယာဉ်နဲ့ ပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ တရုတ်ကိုယ်စားလှယ်အဖွဲ့ တည်းခိုနေထိုင်ခဲ့တဲ့ ရတနာတက်ချမ်း ဟိုတယ်နဲ့ အစိုးရအဖွဲ့ရုံးသွားရာလမ်းမတွေမှာ စစ်ကောင်စီက ပုံမှန်ထက် လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ နုကျန်းပြည်နယ်ခွဲဟာ ကချင်အထူးဒေသ (၁) ဖြစ်တဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော် စတဲ့ မြို့နယ်တွေနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။