ဆန်တန်ချိန်တစ်သိန်း တင်ပို့ရေး မြန်မာနဲ့တရုတ် လက်မှတ်ရေးထိုးမည်


2019.06.10
meeting-for-rice-export-622.jpg တရုတ်နိုင်ငံကို ဆန်တင်ပို့နိုင်ရေး ဆန်ကုန်သည်တွေ၊ အစိုးရတာဝန်ရှိသူတွေ ၂၀၁၉၊ ဇွန် ၁၀ ရက်နေ့က နေပြည်တော် တွေ့ဆုံဆွေးနွေးစဉ်
Photo: Win Ko Ko Latt/ RFA

တရုတ်နိုင်ငံကို ပင်လယ်ရေကြောင်းက တစ်ဆင့် ဆန်တန်ချိန် တစ်သိန်းကို ဒီနှစ် အောက်တိုဘာလ မတိုင်ခင် တင်ပို့နိုင်ဖို့ ဒီလထဲမှာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။

ဆန်တွေ အချိန်မှီတင်ပို့နိုင်ဖို့အတွက် ဆန်စက် ၉၉ စက်ကို အရည်အသွေးစစ်ဆေးပြီးဖြစ်ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်ရဲ့ ပြီးခဲ့တဲ့ ဧပြီလကုန်က တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံကို ဆန်တန်ချိန်တစ်သိန်း တင်ပို့နိုင်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။

ဆန်တန်ချိန်တစ်သိန်းကို ဇူလိုင်လကနေ စက်တင်ဘာအတွင်း တင်ပို့ပြီးနောက်ပိုင်း မိုးစပါးပေါ်ချိန် ဈေးနှုန်းကျဆင်းမှု မဖြစ်ပေါ်အောင် တခြားနိုင်ငံတွေကို တင်ပို့နိုင်အောင် ကြိုးစားမယ်လို့လည်း ဆန်စပါးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်က ဆန်တန်ချိန် သုံးသန်းခွဲ စံချိန်တင်ပို့ပြီး ဒေါ်လာ တစ်ဘီလီယံကျော် ရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ဆန်တန်ချိန် တစ်သန်းခွဲကျော် တင်ပို့ထားပြီး ကန်ဒေါ်လာ သန်း ၄၇၀ ကျော် ရရှိထားပါတယ်။

တင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ပင်လယ်ရေကြောင်းက တစ်ဆင့်တင်ပို့ပြီး ၃၀ ရာခိုင်နှုန်းကျော်ကတော့ နယ်စပ်ကတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။