လူ့အခွင့်အရေးကော်မရှင် ဆားလင်းကြီး ရောက်
2014.12.31
ဒီလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် ပဋိပက္ခအတွင်း တောင် သူ ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖို့အတွက် မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၃ ဦး ဆားလင်းကြီးမြို့နယ်ကို ဒီနေ့ ရောက်ရှိလာပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းထားတဲ့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ မပါဝင်ဘဲ လူ့အခွင့်အရေးကော်မရှင်က သီးသန့် စုံစမ်းမှုတွေ လုပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က ပြောပါတယ်။
"ကျနော်တို့က လုပ်ငန်းဆောင်ရွက်ဖို့ စီစဉ်နေတုန်းရှိသေးတယ်၊ ကျနော်တို့ အခုလက်ပံတောင်းတော့ ရောက်နေပြီ၊ အဖွဲ့တွေဖွဲ့ပြီးတော့ ကျနော်တို့ကော်မရှင်က သီးသန်းပဲ စုံစမ်းနေပါတယ်"
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကလည်း ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ တောင်သူဒေါ်ခင်ဝင်းအမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအဖြစ် စီမံကိန်းအနီးက လယ်ယာမြေတွေကို ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ရာမှာ လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေ ပါဝင်နေတဲ့အတွက် ဒေသခံတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေ၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး ဒေါ်ခင်ဝင်း သေနတ် မှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအနီးက လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေမှာ ခြံစည်းရိုးခတ်ထားတာကို ဖျက်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပေးဖို့အတွက် ဆည်တည်းရွာမြောက်ဘက်က သပိတ်စခန်းမှာ ဆန္ဒပြနေသူတွေက ဒီနေ့ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
တောင်းဆိုချက်တွေရရှိတဲ့အထိ သပိတ်စခန်းကို ဖွင့်သွားမှာဖြစ်တယ်လို့ ဆည်တည်းကျေးရွာသူ မနွယ်နွယ်ဝင်း က ပြောပါတယ်။
"အဓိကကတော့ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ပြန်ရရှိရေးရယ်၊ ပြီးတော့ ခတ်ထားတဲ့ ခြံစည်းရိုးေတွကို ပြန်ပြီးတော့ဖယ်ပေးဖို့ပေါ့၊ လုံးဝအကြမ်းဖက်မှု မပြုလုပ်ဖို့ပေါ့၊ သိမ်းဆည်းခံထားရသော လယ်ယာမြေများ ပြန်လည်ရရှိရေး တောင်သူများစခန်း ဆိုပြီးတော့ ကျမတို့ဖွင့်လိုက်တယ်"
ဒီဇင်ဘာလ ၂၂ ရက် နဲ့ ၂၃ ရက်နေ့မှာ ခြံစည်းရိုးခတ်ခံထားရတဲ့ ဆည်တည်းရွာ၊ တုံရွာနဲ့ မိုးကြိုးပြင်ရွာက ဒေသခံ ၁၀၀ ကျော်လောက်က ဆည်တည်းရွာမြောက်ဘက်မှာ ၂၉ ရက်နေ့ကစပြီး သပိတ်စခန်းဖွင့် ဆန္ဒပြနေကြ တာဖြစ်ပါတယ်။ သပိတ်စခန်းဖွင့်ထားတဲ့နေရာဟာ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နယ်မြေဖြစ်တာကြောင့် သပိတ်စခန်းကို ဖျက်သိမ်းပေးဖို့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက မနေ့က လိုက်လံသတိပေးခဲ့ပါတယ်။
လက်ပံတောင်းတောင် ပဋိပက္ခအတွင်း တောင်သူ ဒေါ်ခင်ဝင်း သေဆုံးမှုကို စုံစမ်းဖော်ထုတ်ပေးဖို့အတွက် ဒီနေ့ညနေက ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ် ၃၀ လောက် လက်ကမ်းစာစောင်တွေ လိုက်လံဝေငှခဲ့သလို ငြိမ်းချမ်းရေးကဗျာတွေ ရွတ်ဆိုခဲ့ကြပါတယ်။