ဖားကန့်က ရွှေ့ပြောင်းအလုပ်သမား ငါးသောင်းလောက် စားဝတ်နေရေး အခက်တွေ့

စောဖိုးခွား(ဝါရှင်တန် ဒီစီ)
2021-05-04
Share

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းလုပ်ကွက် တူးဖော်တာတွေကို ရပ်နားထားတာအချိန် တစ်နှစ် နီးပါး ကြာလာပြီးနောက် ရွှေ့ပြောင်းအလုပ်သမား ငါးသောင်းဝန်းကျင်ဟာ စားဝတ်နေရေး အကျပ်အတည်း တွေနဲ့ ပိုပြီးရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအကျပ်အတည်းတွေအတွက် တစ်နိုင် တပိုင် ရိက္ခာအလှူတွေနဲ့ ဖြေရှင်းနေရတယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကတော့ မြန်မာနိုင်ငံမှာ လာမယ့် ခြောက်လအတွင်း လူပေါင်း ၃.၄ သန်းကျော် ဟာ ငတ်မွတ်ခေါင်းပါးမှု ဒဏ်ကြုံရဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာ့အရည်အသွေးမြင့် ကျောက်စိမ်းသယံဇာတတွေထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါအပြင်၊ စစ်တပ်က အာဏာသိမ်းပြီး နောက်ဖြစ်လာတဲ့အခြေအနေကြောင့် ကျောက်စိမ်း လုပ်ကွက်တွေကို ပြီးခဲ့တဲ့ ၂၀၂၀ ဇွန်လကစပြီး ရပ်နားခဲ့တာ အခုဆိုရင် အချိန် တစ်နှစ်နီးပါးရှိလာပါပြီ။

ဇွန်လကနေ စက်တင်ဘာလအထိဟာ မိုးတွင်းကာလဖြစ်လို့ ရပ်နားထားခိုင်းသလို၊ စက်တင်ဘာလကနေ အခုအချိန်ထိကတော့ ကိုရိုနာကပ်ရောဂါကြောင့်ရော စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မတည်ငြိမ်တဲ့ အတွက်ကြောင့်ပါ ရပ်နားနေရတာဖြစ်ပါတယ်။

ဒါကြောင့် ကျောက်စိမ်းလုပ်ငန်းအပေါ်  မှီခိုအားထားနေရတဲ့ ရေမဆေးကျောက်ရှာသူတွေလို့ခေါ်တဲ့ ရွှေ့ပြောင်းအလုပ်သမား ငါးသောင်းဝန်းကျင်ဟာ နေ့စဉ် စားဝတ်နေရေး အခက်အခဲတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေမဆေးကျောက်ရှာဖွေသူတစ်ဦးဖြစ်တဲ့ ကိုဝဏ္ဏက လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး RFA ကို အခုလို ပြောပါတယ်။

“တော်တော်ကိုဆိုးပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ကာလတုန်းကလည်း ကုမ္ပဏီတွေ ရပ်နားထား ရတယ်။ ကုမ္ပဏီတွေ ရပ်နားထားတဲ့အခါကျတော့ ကျွန်တော်ရဲ့ အခြေခံလူတန်းစားတွေက ကုမ္ပဏီရဲ့ စွန့်ပစ် မြေစာပုံတွေကမှ ရေမဆေးကျောက်ရှာဖွေကြတယ်။ ရေမဆေးကျောက်ရှာဖွေတဲ့ တစ်ဦးချင်းစီရဲ့ နောက်မှာ မိသားစုတွေရှိနေကြတယ် ။ အဲ့ဒီ ရေမဆေးကျောက်ရှာသူတွေမှ ကျောက်မရှာနိုင်ဘူး။ ကျောက် လဲလုပ်လို့မရဘူးဆိုရင် နောက်ပိုင်းမိသားစုက ပိုပြီးတော့မှ ဒုက္ခရောက်တယ် ခင်ဗျ။ ဒီတစ်နှစ်ကျော်ကျော် နှစ်နှစ်ကာလမှာဆိုရင်တော့ ကျွန်တော်တို့ ဖားကန့်ဒေသဟာ တော်တော်လေးကိုမှ ချိုးခြံပြီးမှ ချုံးချုံး ကျသွားတဲ့ ပုံစံမျိုးဖြစ်တယ်”

အခုချိန်မှာတော့ စစ်တပ်က အာဏာသိမ်းထားပြီး အင်တာနက်လိုင်း အဖြတ်ခံထားရလို့ ငွေကြေးစီးဆင်းမှုတွေ ရပ်တန့်သွားခဲ့သလို၊ တကျော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲသွားတာတွေက သူတို့ရပ်တည်ရေးအတွက် ပိုဆိုးသွားစေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအချိန်မှာ တခြားအလုပ်တွေလည်း မရှိတဲ့အတွက် ပိုပြီးခက်ခဲနေကြတယ်လို့ ပြောပါတယ်။ ဒါကြောင့် သူတို့ကို ဒေသခံ အရပ်ဘက်လူမှုကူညီရေးအဖွဲ့တွေက စာနပ်ရိက္ခာထောက်ပံ့လှူဒါန်းတာတွေရှိလာပါတယ်။

အဲဒီလို ကူညီထောက်ပံ့မှုမှာ အလှူရှင်တစ်ဦးချင်းစီကနေ ကူညီပေးနေတာတွေရှိသလို အလှူရှင်တွေ စုပေါင်း ပြီး “လိုရင်ယူ ပိုရင်လှူ” အစီအစဉ်လှုပ်ရှားမှုမျိုးနဲ့ ကူညီနေတာတွေလည်းရှိပါတယ်။

“ယူတဲ့လူလည်း တော်တော်လေးကို ယူလာကြတယ်။ အခက်ခဲရှိရင် လာပြောကြတယ်။ ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီးတော့ ဘယ်ရွာမှာတော့ အခက်ခဲရှိတယ်။ ဘယ်သူတွေတော့ အခက်ခဲရှိတယ် ကျွန်တော်တို့ လာကူညီပေးပါဦးဆို အခက်ခဲရှိတာကို ဆက်သွယ်လာရင် သွားတယ်။ မနေ့ကဆို ကျွန်တော့်ကို အတင်း လိုက်ရှာတယ်ဗျ။ ညွန်းလိုက်တော့ လူ ငါးယောက်ပေါ့ဗျာ။ အမျိုးသမီး သုံးယောက်၊ ယောင်္ကျား နှစ် ယောက် ဆိုင်ကယ် နှစ်စီးနဲ့ ရောက်လာပြီးတော့ အခုထက်ထိ ထမင်းကို မစားရသေးဘူးတဲ့။ ဆန်လေး တော့ ကူညီပေးပါ။ ဆန်ကိုလုံးဝမရှိတော့ဘူးလို့ ပြောလိုက်တဲ့အတွက် ကျွန်တော်သူတို့ကို ဆန်တွေဆီတွေ ကူညီပေးလိုက်တယ်။ အဲလောက်အထိကို အခြေအနေ ဆိုးဝါးလာနေပြီခင်ဗျ”

လူဝင်မှုကြီးကြပ်ရေးဌာနရဲ့  ၂၀၂၀ စီစစ်မှု မှတ်တမ်းအရ ဖားကန့်ဒေသမှာ လူဦးရေ သုံးသိန်းခွဲလောက်ရှိတယ် လို့ ဆိုထားပေမဲ့ တကယ့်လက်ရှိအခြေအနေအရ မြန်မာပြည်အရပ်ရပ်က ရောက်လာကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေပါ ပေါင်းရင် လူဦးရေ ငါးသိန်းကျော်လောက်ရှိနေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေက ဆိုပါတယ်။

လာမယ့်မိုးတွင်းမှာဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ စားဝတ်နေရေး ပိုပြီးခက်ခဲသွားနိုင်တယ်လို့ မေတ္တာရှင်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမင်းအောင်က RFA ကို ပြောပါတယ်။

“အဓိကကတော့ မှော်ဒေသတွေမှာနေတဲ့ မိသားစု အိမ်ထောင်စုများတဲ့ဟာတွေဆိုရင်တော့ ဘဝကို ရပ်တည်ဖို့ တော်တော်ကို ခက်ခက်ခဲခဲဖြစ်နေတဲ့ဟာတွေရှိတယ်။ တချို့ကျတော့လည်း အောက်ပိုင်းကို ပြန်သွားကြ တာတွေ ရှိတယ်။ ဒါပေမဲ့ မပြန်နိုင်တဲ့သူတွေကျလည်း ဒီမှာ ဖြစ်သလိုရုန်းကန်လှုပ်ရှားနေ ရတာ။ ဒါတွေကို အသေးစိတ် သက်ဆိုင်ရာ မြို့ရွာရပ်ကွက် မှော်ရွာဒေသအသီးသီးမှာရှိတဲ့ ပရဟိတအဖွဲ့ တွေရယ်၊ ကျေးရွာ ရပ်မိရပ်ဖ စေတနာရှင်တွေရယ် တတ်နိုင်တဲ့လူတွေပေါ့ စုပေါင်းပြီးတော့မှ အမှန် တကယ်လိုအပ်တဲ့ဟာတွေကို ထိထိရောက်ရောက် ရောက်အောင်ပေါ့ မိုးတွင်းရာသီလည်း ဝင်လာတော့မှာ ဖြစ်တဲ့အတွက်က မိုးတွင်းဆို ဖြစ်နိုင်မယ် ထင်တယ်ပေါ့နော် ကျွန်တော်တို့က မိုးတွင်းဆိုရင် ဒီထက်ပိုပြီး တော့မှ အကျပ်အတည်းတွေ့မယ်”

ကျောက်စိမ်းတူးဖော်မှုတွေရပ်နားထားလို့ အချို့ရွှေ့ပြောင်းအလုပ်သမားတွေက နေရပ်ပြန်သွားကြတာတွေ ရှိပေမယ့် နေရပ်မပြန်ဘဲ ဖြစ်သလိုနေထိုင်နေကြတဲ့ အလုပ်သမားတွေလည်း ငါးသောင်းလောက်ရှိနိုင်တယ်လို့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေက ခန့်မှန်းကြပါတယ်။

အများစုက သူတို့ရဲ့မူလနေရပ်မှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတာကြောင့် နေရပ်မပြန်ဘဲ ဖြစ်သလို နေထိုင်နေကြတာလို့ စားနပ်ရိက္ခာတနိုင်တပိုင်ကူညီပေးနေတဲ့ ဦးနီက ပြောပါတယ်။

“ဒီနယ်ကသူတော်တော်များဆိုရင် အပြီးပြောင်းလာတဲ့သူတွေရှိတယ်။ အဲဒါကတော့ တပိုင်းပေါ့။ နောက် ရှိတဲ့သူတွေ တော်တော်များကြလည်း အောက်ပိုင်းမှာ လုပ်ငန်းကိုင်ငန်းက ကောင်းကောင်း မရှိကြဘူး။ အောက်ပိုင်းထက်စာရင်တော့ ဒီမှာကမှ လုပ်ငန်းကိုင်ငန်းလုပ်လို့ရသေးတယ်ဆိုတဲ့ အနေအထားပေါ့နော်။ မျှော်လင့်ချက်လေးနဲ့ဒီမှာပဲနေတာပေါ့။ ကိုဗစ်နဲ့စစ်ရေးနဲ့ တခါတည်းဆိုတော့ ကျပ်တည်းမှုလေးတွေ ကတော့ တော်တော်များများမှာရှိလာကြတယ်။ အရင်လောက်တော့ ရေမဆေးသမားတွေက မထူထပ်ဘူး။ အုံးအုံးနဲ့ ရှိနေတာမဟုတ်ဘူး။ ကျင်းတူးတဲ့ လူတွေပဲရှိတယ်။ နောက် မပြန်နိုင်တဲ့လူတွေ အောက်ပိုင်းမှာ လည်း လယ်ယာလုပ်ငန်းတွေ မရှိတဲ့လူတွေများတယ်”

ဖားကန့်ဒေသမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်ဟာလည်း အခုဆို ၂၀၀၀ လောက်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ ရေရှည်စားနပ်ရိက္ခာထောက်ပံ့ဖို့ ခက်ခဲတယ်လို့ လက်ရှိစားနပ်ရိက္ခာလှူဒါန်းနေတဲ့ ဖားကန့်အခြေစိုက် အလင်းတန်းစာကြည့်တိုက် အတွင်းရေးမှူး ဦးမျိုးဝင်း က ပြောပါတယ်။

“ဒါကတော့ နှစ်ပိုင်းရှိတာပေါ့။ တပိုင်းကတော့ ရေတိုကာလအားဖြင့် လတ်တလောစားဝတ်နေရေး ကိစ္စက တော့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အနေထားတစ်ခုအနေနဲ့ ဝိုင်းဝန်းပြီး ဆောင်ရွတ်ကူညီပေးလို့ရတယ်။ ရေရှည်ကြီး ကျတော့ ဒီကိစ္စက အရပ်ဖက်အဖွဲ့အစည်းဆိုတာလည်း မလွယ်ဘူး။ နောက်ဒီချိန်မှာ အရပ် ဖက်အဖွဲ့စည်းတွေ ကူညီဆောင်ရွတ်တဲ့အခါမှာ ဘယ်လိုအခက်ခဲရှိလဲဆိုတော့ တချို့ကူညီထောက်ပံ့မှု တွေ၊ တချို့ ကယ်ဆယ်ရေး ကိစ္စတွေမှာ ဖမ်းဆီးမှုတွေရှိတဲ့အတွက်ကြောင့် တဖက်ကပြန်ကြည့်တော့ လည်း ကိုယ့်ကို အန္တရာယ်ပေးနိုင်တဲ့ အခြေနေတွေရှိတယ်။ တဖက်က ကျတော့ ရေရှည်ကြီးတော့ မလွယ်ဘူး။ လတ်တလောအားဖြင့်ပဲ ကူညီနိုင် လိမ့်မယ်လို့ထင်တယ်”

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ လေ့လာမှုစစ်တမ်းအရ ကချင်ပြည်နယ်က ဗန်းမော်နဲ့ ပူတာအို အပါအဝင် မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလလယ်ကနေ ဖေဖော်ဝါရီလလယ်အတွင်း ဆန်ဈေးနှုန်းမြင့်တက်မှုဟာ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိရှိတယ်လို့ ဆိုပါတယ်။

ဒါဟာ တစ်နေ့စာတစ်နေ့ ရှာဖွေစားသောက်နေကြရတဲ့သူတွေအတွက် တကယ့်ကို စိတ်ပူစရာဖြစ်တယ်လို့ လည်း WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr Stephen Anderson က မတ်လ ၁၆ ရက်နေ့က ပြောထားပါတယ်။

ဧပြီ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ၊ မြန်မာနိုင်ငံမှာ ရှိနှင့်ပြီးသား ဆင်းရဲမွဲတေမှု၊ ကိုဗစ်ကပ်ရောဂါနဲ့ လက် ရှိ နိုင်ငံရေးအကျပ်အတည်းတို့ရဲ့ သုံးပွင့်ဆိုင်သက်ရောက်မှုဟာ ငတ်မွတ်ခေါင်းပါးခြင်းတွေ သိသိသာသာမြင့် တက်လာဖို့ ဦးတည်နေတယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လာမယ့်ခြောက်လအတွင်း လူပေါင်း ၃.၄ သန်းကျော်ဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ် ကြုံရဖွယ်ရှိတယ်လို့ WFP က ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့