လောက်ကိုင်မှာ ရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် နေရပ်ပြန်

RFA Burmese
2022.12.06
Share on WhatsApp
Share on WhatsApp
လောက်ကိုင်မှာ ရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် နေရပ်ပြန် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အား ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ တိုက်ပွဲဖြစ်မယ်ဆိုတဲ့ သတင်း ကြောင့် ဒီဇင်ဘာလ ၆ ရက် ဒီကနေ့ နေ့လယ်ပိုင်းကစပြီး ရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော်ဟာ ပြန်လည်ထွက်ခွာနေကြတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ လောက်ကိုင်မြို့က လောင်းကစားရုံ လုပ်ငန်းတွေ၊ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ မြန်မာနိုင်ငံအနှံ့က အလုပ်သမားတွေ သွားရောက်အလုပ်လုပ်ကိုင်နေကြတာပါ။

စစ်ကောင်စီတပ်နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့အကြား တိုက်ပွဲဖြစ်ပွားတော့မယ်ဆိုတဲ့ သတင်းတွေဟာ လောက်ကိုင်မြို့ပေါ်မှာ ပျံ့နှံ့နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“တိုက်ပွဲဖြစ်မယ်ဆိုပြီးတော့ အသံတွေထွက်နေတော့ မနေရဲလို့ပြန်ကြတာ၊ ကားအစီရေနှစ်ရာ ကျော်လောက်ရှိမယ်။ တစ်စီမှာ အနည်းဆုံး လေးယောက်၊ ငါးယောက်ပါတယ်ဆိုတော့ ပြန်တဲ့သူက အနည်းဆုံး တစ်ထောင်ကျော်လောက် တော့ရှိတယ်။ နောက်ပြီး မနက်ဖြန်ကစပြီး မီးတစ်ပတ်ကျော်ပြတ်မယ်ဆိုတော့ လူတွေကပိုစိုးရိမ်သွားကြတာပေါ့”

တရုတ်နိုင်ငံ လင်ချန်းဒေသကနေ ကိုးကန့်ဒေသကို ဆက်သွယ်ထားတဲ့ ဓာတ်အားလိုင်း ပြတ်တောက်နေတာကြောင့် ကိုးကန့်ဒေသမှာ ဒီဇင်ဘာလ ၇ ရက်ကနေ ၁၄ ရက်အထိ ဓာတ်အားပြတ်တောက်မယ်လို့ ကိုးကန့်ဒေသသတင်းတွေမှာ ဖော်ပြထားတာပါ။

တိုက်ပွဲဖြစ်ပွားမယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ MNDAA ပြန်ကြားရေး တာဝန်ရှိသူ ကိုရန်နိုင်က ကောလာဟလသာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ချင်းရွှေဟော်မြို့နယ် နမ့်ဖာတောင်က MNDAA စခန်းကို စစ်ကောင်စီတပ်က သိမ်းယူဖို့ ကြိုးပမ်းတဲ့အတွက် နိုဝင်ဘာလ ၂၇ ရက်ကနေ ၂၉ ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပါသေး တယ်။ ဒီတိုက်ပွဲကြောင့် လောက်ကိုင်မှာ အရပ်သားတွေ စိုးရိမ်ကြတာဖြစ်နိုင်တယ်လို့ ကိုရန်နိုင်က ပြောပါတယ်။

“တိုက်ပွဲဖြစ်ခဲ့တဲ့ ချင်းရွှေဟော် တောင်ကုန်းမှာထိုင်ခဲ့တဲ့ စခန်းက ၂၀၁၅မှာ ကျနော်တို့ ပြန်လည်ထူထောင်ရေး လုပ်တုန်းကတည်းက ထိုင်ခဲ့တဲ့စခန်း၊ ကျနော်တို့လူတွေက အဲစခန်းမှာ အခုချိန်ထိထိုင်ထားခဲ့တာ ပြည်သူ့အကျိုးကိုလည်း ချိုးဖောက်မှုမရှိဘူး။ အဲဒါကို ကိုးကန့်မှာကျန်ခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ်က ပူးပေါင်းပြီးတော့ ထိုးစစ်လာဆင်ကြတာ၊ ကျနော်တို့ကလည်း ပြန်ပြီးခုခံခဲ့တော့ တိုက်ပွဲနှစ်ရက်ဖြစ် ခဲ့တယ်။ ချင်းရွှေဟော်မှာဖြစ်တဲ့တိုက်ပွဲက လောက်ကိုင်နဲ့နီးလို့ အဲလိုအသံထွက်လာ တယ်လို့ပဲထင်တယ်”

စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက ကိုးကန့်ဒေသက စစ်ရေးအခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ဒီကနေ့ ညနေပိုင်းမှာ RFA ကို ပြောပါတယ်။

၂၀၁၅ ခုနှစ်ကလည်း MNDAA က လောက်ကိုင်ဒေသကို ထိန်းချုပ်ဖို့ကြိုးစားခဲ့လို့ စစ်တပ်နဲ့ တိုက်ပွဲတွေပြန်းထန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။