လေကြောင်းတိုက်ခိုက်မှုကြောင့် ကျားဖြူတပ်ခွဲ အဖွဲ့ဝင် သုံးဦး သေဆုံး
2023.05.09

မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်ကြားမှာရှိတဲ့ ကျားဖြူစစ်ကြောင်း၊ နောက်တန်းစခန်းကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့တိုက်ခိုက်တာကြောင့် တပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူတပ်ခွဲ ၁ က သတင်းထုတ်ပြန်ပါတယ်။
ကျားဖြူစစ်ကြောင်း ၂ တပ်ခွဲ ၁ နောက်တန်းစခန်းကို မေလ ၇ ရက်နေ့ညပိုင်းက စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲပြီး တိုက်ခိုက်ခဲ့သလို ၈ရက်နေ့ နေ့လယ်ပိုင်းမှာလည်း ရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကျားဖြူစစ်ကြောင်းက အမျိုးသား နှစ်ဦး အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသွားသူတွေက ကိုဇွဲမာန်လင်း (ခ) စနေ၊ ကိုထွန်းလင်းအောင် (ခ) မြကြီးနဲ့ မခင်သန္တာဆွေ (ခ)မမြင့် တို့ ဖြစ်ပြီး ကိုထွန်းလင်းအောင်နဲ့ မခင်သန္တာဆွေက ချစ်သူစုံတွဲတွေလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စခန်းတစ်ခုလုံးနီးပါး ပျက်စီးသွားတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ NUG စာရင်းတွေအရ လက်နက်ကိုင်တော်လှန်ရေး နှစ်နှစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ဝင် ၁၅၁၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။