တိုက်ပွဲ ပြင်းထန်နေတဲ့ ဂွမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သုံးဦးသေဆုံး

RFA Burmese
2024.10.14
တိုက်ပွဲ ပြင်းထန်နေတဲ့ ဂွမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သုံးဦးသေဆုံး ဂွမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။
ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကူးတို့လေးရွာကို အောက်တိုဘာ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကူးတို့လေးရွာနဲ့ သပြုချောင်းရွာအနီး တောင်ကြောတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အနီးအနားရွာတွေကို ဗုံးကြဲသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂွမြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခု စစ်တပ်က ကုလားပြင်ရွာကနေ ကူးတို့လေး၊ သပြုချောင်းတို့ဘက်ကို တပ်ဆုတ်သွားပြီ။ အဲဒီရွာအနားက တောင်ကြောတွေမှာ တိုက်ပွဲဖြစ်နေတာပေါ့။ အဲဒီမှာ ရွာကို ဗုံးလာကြဲတော့ သုံးယောက် သေသွားတာ။ ဒီနေ့လည်း တိုက်ပွဲ ဖြစ်နေပါတယ်။ အခုတောင် ဂျက်လေယာဥ်နဲ့ ဗုံးလာကြဲတာ နှစ်ကြိမ်ရှိပြီ”

ဗုံးကြဲခံရတဲ့ ကူးတို့လေးရွာမှာ အိမ်ခြေ တစ်ရာကျော်ရှိပြီး အဲဒီရွာအပါအဝင် အနီးအနား ကျေးရွာတွေက ဒေသခံတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေပြီး ထွက်ပြေးလို့ မရသူတချို့လည်း ရှိနေသေးတယ်လို့ သူက ပြောပါတယ်။

သေဆုံးသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လတ်တလော မသိရသေးပါဘူး။

အာရက္ခတပ်တော် (AA) က ကျိန္တလီမြို့ကို သိမ်းပိုက်ပြီးနောက် ဂွမြို့နယ်တစ်လျှောက် ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

စစ်ကောင်စီတပ်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ခံစစ်ဆင်နေတဲ့အပြင် အရပ်သားတွေ ရှိတဲ့ရွာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ပိုပြီးလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အောက်တိုဘာ ၇ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၅ ဦး သေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူတစ်ရာခန့် သေဆုံးပြီး ခြောက်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။