MNDAA ထိန်းချုပ်ရာ လားရှိုးမြို့ ဆက်တိုက်ဗုံးကြဲခံနေရ
2024.09.25
ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၅ ရက် ဒီနေ့မနက် နှစ်နာရီအချိန်မှာ လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့ အမှတ် (၁၂) ရပ်ကွက်က နည်းပညာ သင်တန်းကျောင်းနဲ့ အေတီ တံတားထိပ်က တပ်ဦး ဘုန်းကြီးကျောင်း နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဂျက်ဖိုက်တာနဲ့ မနက် အစောကြီးပဲ လာကြဲသွားတာ။ ပြီးတော့ မြို့ထဲပတ်ပြီး ပျံနေတာ။ ဘယ်သူမှ မအိပ်ရဲဘူး။ ချသွားတာက နည်းပညာကျောင်းနဲ့ အေတီ တပ်ဦးကျောင်းကို ကြဲသွားတာ”
ဒီတိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့ ပျက်စီးခဲ့ပေမဲ့ လူထိခိုက်မှုတော့ မရှိဘူးလို့ သူက ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ကလည်း လားရှိုးမြို့ ရပ်ကွက် (၂) က ရထိုက် ဟိုတယ်နဲ့ ဖူလီလိုက် ဟိုတယ်နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
MNDAA ဘက်ကတော့ စစ်ကောင်စီရဲ့ ရပ်ရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မြှင့်တင်ရေး ဆောင်ရွက်နေသူတွေရဲ့ ကြိုးပမ်းမှုကို ထိခိုက်စေတယ်လို့ စက်တင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း သြဂုတ် ၃၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က လားရှိုးမြို့ကို လေကြောင်းကနေ ခြောက်ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း နိုင်ငံရေးအကျဥ်းသားဟောင်း တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး အရပ်သား နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။