ကျောင်းဖွင့်ရာသီမှာ စာသင်ကျောင်းတွေ လေကြောင်းတိုက်ခိုက်ခံနေရ
2023.06.05

စစ်ကောင်စီဟာ စာသင်ကျောင်းတွေအပေါ် လေကြောင်းသုံးပစ်ခတ်တိုက်ခိုက်တာတွေ ဒီသီတင်းပတ်ထဲမှာ ပိုလုပ်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇွန်လ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ ၁ ရက်နေ့ကစလို့ နိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေ ပြန်ဖွင့်နေပေမဲ့ လေကြောင်းသုံးတိုက်ခိုက်မှုတွေရပ်မသွားဘဲ ဆက်ရှိနေတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ပေါက်အင်းမြိုင်ရွာက စာသင်ကျောင်းကို ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာ စစ်ကောင်စီက တိုက်ခိုက်ခဲ့တယ်လို့ AAPP က ပြောပါတယ်။ အဲဒီနေရာမှာ တိုက်ပွဲမရှိဘဲ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35 က ကျောင်းပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ရှုခင်းသာရွာက စာသင်ကျောင်းကိုလည်း ဇွန်လ ၅ ရက် ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးနဲ့ လာပစ်ခဲ့လို့ ဒေသခံအမျိုးသားတစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို နိုင်ငံတကာက ရှုတ်ချထားပါတယ်။
စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ဆိုတဲ့ ကိစ္စကို စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပါတယ်။ ဒီသီတင်းပတ်အတွင်း ပစ်ခတ်ခဲ့တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
စစ်တပ်အာဏာသိမ်းချိန်ကစလို့ ဇွန်လ ၅ ရက် ဒီကနေ့အထိ စစ်ကောင်စီလက်ချက်ကြောင့် လူပေါင်း ၃၆ဝဝ ကျော်သေဆုံးခဲ့ရတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။