ကျောက်ဂူမြို့မှာ စစ်ကောင်စီနဲ့ DPLA စစ်ရေးဆက်လက် တင်းမာနေ
2025.01.12

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူမြို့မှာ စစ်ကောင်စီတပ်နဲ့ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး (DPLA) တပ်ဖွဲ့တွေ စစ်ရေး ဆက်လက် တင်းမာနေတယ်လို့ ဒေသခံတွေက ဇန်နဝါရီလ ၁၂ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က စစ်ကောင်စီရဲ့ ကျောက်ဂူမြို့မရဲစခန်းနဲ့ တပ်စခန်းတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ DPLA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် လေကြောင်းကနေ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ရေးတင်းမာနေတာကြောင့် ကျောက်ဂူမြို့ခံတွေဟာ ရပ်စောက်မြို့ပေါ်နဲ့ နီးစပ်ရာရွာတွေဖြစ်တဲ့ ထမင်းပေါင်းရွာနဲ့ စံပယ်ကုန်းကျေးရွာတို့ကို တိမ်းရှောင်နေကြရတယ်လို့ အမည်မဖော်လိုတဲ့ ကျောက်ဂူမြို့ခံတစ်ဦးက ပြောပါတယ်။
"အခြေအနေတွေက တော်တော်တင်းတင်းမာမာပဲဗျ။ စစ်တပ်က လေယာဉ်နဲ့လည်း လာပစ်တယ်။ မြို့မှာနေဖို့က မလွယ်တော့ဘူး။ တော်တော်များများက စစ်ရှောင်နေကြရတယ်"
စစ်ကောင်စီတပ်အနေနဲ့ ဒေသခံတွေနေထိုင်တဲ့ ကျေးရွာတွေကိုပါ လေကြောင်းတိုက်ခိုက်နေတာကြောင့် လုံခြုံရေးစိုးရိမ်မိတာကြောင့် နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး (DPLA)ရဲ့ ပြောခွင့်ရသူ ကိုမောင်ကတော့ စစ်ကောင်စီတပ်အနေနဲ့ ကျောက်ဂူမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး စစ်အင်အားဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။
"ကျောက်ဂူဘက်မှာ စစ်ကောင်စီက Y12 လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိတယ်။ ပြီးတော့ အင်အားလည်း တော်တော်ဖြည့်ထားတယ်"
စစ်ကောင်စီတပ်အနေနဲ့ ကျောက်ဂူ-ရပ်စောက်လမ်းကို အသုံးပြုပြီး ရှမ်းပြည်နယ်တောင်ပိုင်းကနေ နောင်ချိုမြို့နယ် တောင်ခမ်းရွာကို စစ်ကူပို့နေတာကြောင့် DPLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်နေတာလို့ သူကပြောပါတယ်။
ကျောက်ဂူမြို့ဟာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ရာမှာ စစ်ရေးအရ အရေးပါတဲ့ ဒေသတစ်ခုဖြစ်သလို တိုက်ပွဲတွေကြောင့် ရပ်စောက်-ကျောက်ဂူ- သီပေါလမ်းပိုင်းကို စစ်ကောင်စီတပ်က ပိတ်ထားသလို ရပ်စောက်မြို့ပေါ်မှာလည်း စစ်အင်အားတွေ တိုးဖြည့်ထားတယ်လို့ ရပ်စောက်မြို့ခံတွေကပြောပါတယ်။
ကျောက်ဂူမြို့နယ်အတွင်းက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။