ဘားအံမြို့နယ် ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို KNU ပူးပေါင်းတပ်တွေ တိုက်ခိုက်
2023.06.02
ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို မေလ ၁ ရက်နေ့ မနေ့မနက်အစောပိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုရဲမှူးတစ်ဦးအပါအဝင် နှစ်ဖက်သေဆုံးမှု ၁၀ ဦးထိရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က ဒုရဲမှူးအပါအဝင် ရဲငါးဦး၊ စစ်သားတစ်ဦး သေဆုံးခဲ့ပြီး KNU ပူးပေါင်းတပ်တွေဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြားမှာ အရပ်သားတွေဖြစ်တဲ့ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးနဲ့ ၁၀ နှစ်အရွယ် ကလေးတစ်ဦးလည်း သေဆုံးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သေသွားတဲ့ အစ်မက ငါးလုပ်ငန်းလုပ်တာ။ လုံခြုံရေးကင်းနားမှာပဲ သူတို့အိမ်လေးက လုံခြုံရေးကင်းနားမှာဆိုတော့ ပစ်ကြခတ်ကြတော့ သူ့ကိုထိသွားတာ”
စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရ ပြည်နယ် စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့် က ဒုံသမိစစ်ဆေးရေး ဂိတ်ခိုက်ခံရလို့ နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိတဲ့အကြောင်း အတည်ပြုပြီး အသေးစိတ်ကိုတော့ မသိရသေးကြောင်း RFA ကို ပြောပါတယ်။
KNU တပ်မဟာ (၁) သထုံခရိုင်ရဲ့ တာဝန်ရှိသူတစ်ဦးကလည်း တံတားရဲ့ အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်း ဂိတ်နှစ်ခုစလုံးကို တိုက်ခိုက်နိုင်ခဲ့ကြောင်းနဲ့ တိုက်ပွဲကနေ လက်နက် ၅ လက်သိမ်းဆည်းရမိကြောင်း ပြောဆိုပါတယ်။
ဒုံသမိတံတားဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိပြီး မွန်းပြည်နယ်သထုံမြို့နယ်နဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ်တွေကို ဆက်သွယ်ပေးထားပါတယ်။
KNU ဗဟိုရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက KNU ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲပေါင်း ကိုးထောင်ကျော် ဖြစ်ပွားခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်တာတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေမှာ ဒေသခံ လေးသိန်းကျော် ထွက်ပြေးနေရပါတယ်။