ရခိုင်ကို စားသောက်ကုန်ပို့မဲ့ကားတွေ အိမ်မဲမြို့နယ်မှာ ဖမ်းဆီးခံရ
2024.10.26
ဧရာဝတီတိုင်းကနေတစ်ဆင့် ရခိုင်ပြည်နယ်ဘက်ကိုပို့မဲ့ စားသောက်ကုန်တင်တဲ့ ကုန်ကားခုနစ်စီးဟာ အိမ်မဲမြို့နယ် ကျွန်းကုန်းရွာမှာ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက RFA ကို အောက်တိုဘာ ၂၆ ရက် ဒီနေ့မှာပြောပါတယ်။
ရန်ကုန်ဘက်ကနေ စားသောက်ကုန်ပစ္စည်း တင်လာတဲ့ကုန်ကားတွေဟာ ဧရာဝတီတိုင်းကနေတစ်ဆင့် ရခိုင်ပြည်နယ်ဘက်ကို သင်္ဘောနဲ့မပို့ခင် အခုရက်ပိုင်းအတွင်း ဖမ်းဆီးခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိမ်မဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကုန်ခြောက်တွေပေါ့နော်။ ရခိုင်ပို့မဲ့ သင်္ဘောတွေက အဲဒီမှာ လာစောင့်နေတယ်လို့ ပြောတယ်။ ကုန်ကားတွေကနေပြီးတော့ အဲဒီသင်္ဘောတွေကို သွားပို့တာ။ ပို့တဲ့အချိန်မှာ အဖမ်းခံရတာပေါ့နော်။ ကျွန်းကုန်းတံတား ရှိတယ်။ တံတားရဲ့ ဟိုဘက်အခြမ်းက ဝါးခယ်မပိုင်၊ ဒီဘက်အခြမ်းက အိမ်မဲအပိုင်။ ကျွန်းကုန်းကတော့ အိမ်မဲပိုင်ဖြစ်တော့ ကျွန်းကုန်းအကျော်လေးမှာ မိတာ”
ရခိုင်ပြည်နယ်ကိုတင်ပို့မဲ့ ကုန်ပစ္စည်းတွေ သယ်လာတဲ့ ယာဥ်မောင်းတွေကို စစ်ကောင်စီရဲ့ အိမ်မဲမြို့နယ် ရဲစခန်းက ဖမ်းဆီးပြီး အမှုဖွင့်ထားတယ်လို့လည်း သူကပြောပါတယ်။ ဘယ်လိုပုဒ်မတွေနဲ့ ဖမ်းဆီးပြီး အမှုဖွင့်ခံထားရသလဲ ဆိုတာတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ် ထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အာရက္ခတပ်တော် (AA) ထံပို့မဲ့ ရိက္ခာတင်ကုန်ကား ခုနစ်စီးကို အောက်တိုဘာ ၂၁ ရက်နေ့က ဖမ်းဆီးထားတယ်လို့ ဖော်ပြပါတယ်။
အဲဒီကုန်ကားတွေထဲမှာ AA ထံပို့မဲ့ ဆန်၊ ဆား၊ ဆီ၊ လောင်စာဆီ၊ ဆေးဝါး၊ အရက်၊ ဘီယာ၊ သေနတ်လွယ်ကြိုး၊ စစ်ဖိနပ်နဲ့ အဝတ်အထည်တွေ ပါတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကားတွေကို အိမ်မဲမြို့မ ဘောလုံးကွင်းခန်းမမှာ စစ်ဆေးနေတယ်လို့လည်း ရေးသားထားပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က အောက်တိုဘာ ၂၆ ရက် ဒီနေ့မှာဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင် ပထမပတ်ထဲမှာ ရခိုင်ပြည်နယ်ကိုတင်ပို့မဲ့ ကျပ်သိန်းပေါင်း ခြောက်သောင်းခန့်နဲ့ စားသောက်ကုန်စည်တွေ သယ်လာတဲ့ စက်လှေတစ်စင်းကို ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေအနီးမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။