ရခိုင်မှာ ဖမ်းဆီးခံရတဲ့ အရပ်သား ၃၀ ကျော် ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံရ

2022.07.13
Share on WhatsApp
Share on WhatsApp
ရခိုင်မှာ ဖမ်းဆီးခံရတဲ့ အရပ်သား ၃၀ ကျော် ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံရ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ နဲ့ တရားစွဲခံထားရသည့် စစ်တွေမြို့မှ ဦးအောင်လှစိန်နှင့် ဦးရွှေထွန်းဖြူ တို့ကို တွေ့ရစဥ်
Photo: Citizen Journalist
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံအရပ်သား ၃၂ ဦးဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ နဲ့ တရားစွဲခံထားရတယ်လို့ ဖမ်းဆီးခံရသူတွေကို ကူညီပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က RFA ကို ဒီကနေ့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ခဲ့ပြီး အပြန်အလှန်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့တာပါ။
 
စစ်တွေမြို့က ကိုးဦး၊ ပုဏ္ဏားကျွန်းမြို့နယ်က ခြောက်ဦး၊ ကျောက်တော်မြို့နယ်က သုံးဦး၊ မြောက်ဦးမြို့ နယ်က ရှစ်ဦး၊ ကျောက်ဖြူမြို့နယ်က လေးဦးနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က နှစ်ဦး ဒေသခံစုစုပေါင်း ၃၂ ဦးကို တပ်မတော် အကြည်ညိုပျက်စေမှု ၅၀၅ (က) နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ) တို့နဲ့ တရားစွဲခံလိုက်ရတာပါ။
 
ဖမ်းဆီးခံထားရသူတွေဟာ မြို့နယ်အသီးသီးက တရားရုံးတွေမှာ တရားရင်ဆိုင်နေကြရပြီလို့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။
 
“အရင်တုန်းက ဖမ်းဆီးတာက ၄၀ ကျော်လောက်ရှိတယ်။ အဲဒီတုန်းကတော့ စာရင်းတိတိကျကျမရဘူး။ အခု ၃၂ ဦးကတော့ ရုံးမှာ အခုလက်ရှိ အမှုရင်ဆိုင်ထားတဲ့သူတွေဖြစ်တယ်။ ကျနော် မြို့နယ်အလိုက် စုပြီးတော့ စာရင်းပြုစုထားတာပါ”
 
အခု တရားစွဲခံထားရတဲ့အထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်က ပုဏ္ဏားကျွန်းမြို့နယ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ပေါက်တောပြင်ကျေးရွာက အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ်နှစ်ဦး မပါဝင်သေးပါဘူး။ သူတို့နှစ်ဦးကိုတော့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ကောင်စီတပ် စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်အနေနဲ့ ဒေသတွင်း စစ်ရေးတင်းမာမှုတွေကြောင့် အရပ်သားတွေကို အခုလို ဖမ်းဆီး တရားစွဲတာဟာ မဖြစ်သင့်ဘူးလို့လည်း နိုင်ငံရေးအကျဥ်းသားဟောင်း စာရေးဆရာဝေဟင်အောင်က ထောက်ပြပါတယ်။
 
စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရမ်းဗြဲ စတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ကိုလည်း ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီတပ်က ဒေသခံအရပ်သားတွေကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး လိုက်လံဖမ်းဆီးတာပါ။
 
ဖမ်းဆီးတရားစွဲခံထားရသူတွေရဲ့ မိသားစုဝင်တွေကတော့ ဖမ်းဆီးခံလိုက်ရတဲ့ အရပ်သားတွေဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်မှုမရှိဘဲ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ အရပ်သားတွေသာ ဖြစ်တယ်လို့ RFA ကို ပြောဆိုထားပါတယ်။
 
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရခိုင်ပြည်နယ်အတွင်းမှာ အရပ်သားတွေကို ဖမ်းဆီးတာ မရှိဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က RFA ကို ဖြေဆိုထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။