ရန်ကုန်မှာ ငါးရက်အတွင်း လူငယ်သုံးဆယ်နီးပါး ဖမ်းဆီးခံရ

RFA Burmese
2024.08.29
ရန်ကုန်မှာ ငါးရက်အတွင်း လူငယ်သုံးဆယ်နီးပါး ဖမ်းဆီးခံရ ရန်ကုန်မြို့ တွင် လုံခြုံရေးကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

ရန်ကုန်တိုင်းအတွင်းက ကြည့်မြင့်တိုင်၊ အလုံ၊ သန်လျင်၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဒေါပုံနဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွေမှာ သြဂုတ်လ ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ငါးရက်အတွင်း လူငယ်သုံးဆယ်နီးပါး ဖမ်းဆီးခံထားရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အသက် ၁၉ နှစ်ကနေ ၃၀ ကျော်အကြား လူငယ်သုံးဆယ်နီးပါး ဖမ်းဆီးခံထားရတာဖြစ်ပြီး အများစုဟာ ကားမှတ်တိုင်တွေနဲ့ ရပ်ကွက်လမ်းတွေမှာ ညပိုင်းဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

အလုံမြို့နယ်မှာ နေထိုင်တဲ့အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ သြဂုတ် ၂၇ ရက်နေ့က လူငယ်သုံးဦးကို ဆင်မင်းဈေးအရှေ့မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ RFAကို ပြောပါတယ်။

“ည ခုနစ်နာရီလောက်ပဲ ရှိဦးမယ်။ အရမ်း မမှောင်သေးဘူး။ ဆင်မင်းဈေးရှေ့မှာ ပရိုဘောက် အမဲရောင်တစ်စီး ကားရပ်ပြီး စကားပြောပြီး လမ်းလျှောက်နေတဲ့ လူငယ်သုံးဦးကို ကားပေါ် တင်သွားတယ်”

ဖမ်းဆီးခံရတဲ့ လူငယ်သုံးဦးထဲမှာ အလုံမြို့နယ်မှာ နေထိုင်တဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုဖို့ ပြင်ဆင်နေသူ ၁၉ နှစ်အရွယ် ကျောင်းသားတစ်ဦး ပါဝင်တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

ရန်ကုန်မြို့ခံတွေကတော့ စစ်ကောင်စီတပ်ဟာ ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်တာတွေ မလုပ်တော့ဘဲ လူငယ်တွေကို ညပိုင်းမှာ အလစ်အငိုက် ဖမ်းဆီးတာတွေ ပိုများလာတယ်လို့ ပြောပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ရဲ့ မေလထုတ် အစီရင်ခံစာမှာတော့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် စစ်မှုထမ်းသင်တန်းမှာ နိုင်ငံတစ်ဝန်းက လူငယ်ကိုးထောင်နီးပါး စုဆောင်းခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်ဝင်ကြောင်း စစ်ကောင်စီက ပြဋ္ဌာန်းခဲ့ပါတယ်။

ဒီဥပဒေအရ အမျိုးသားတွေဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း စစ်မှုထမ်းရမှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။