နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံလေတပ်ညီလာခံကို JFM ကန့်ကွက်
2023.09.02

အာဏာသိမ်း စစ်ကောင်စီ ဦးဆောင်ပြီး နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံလေတပ်အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းပေးဖို့ Justice For Myanmar အဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နေပြည်တော်မှာ စစ်ကောင်စီ လေတပ်ကာကွယ်ရေး ဦးစီးချုပ်က ဦးဆောင်ပြီး အာဆီယံ လေတပ်အကြီးအကဲများ ညီလာခံ ကျင်းပဖို့ စီစဉ်နေတာပါ။
လေတပ်ညီလာခံကို ဖျက်သိမ်းပေးဖို့နဲ့ မြန်မာစစ်တပ်ရဲ့ ကြည်းတပ်၊ လေတပ်၊ ရေတပ်အတွက် အာဆီယံက တိုက်ရိုက်ပံ့ပိုးကူညီနေတဲ့အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ JFM အဖွဲ့က ဆိုပါတယ်။
JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ဒီလေတပ်အကြီးအကဲများညီလာခံကို ကျင်းပဖို့ လုပ်ဆောင်နေတာ၊ စစ်အုပ်စုနဲ့ စစ်ဘက် ရဲဘက် ထိတွေ့ဆက်ဆံနေတာတွေက မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အပေါ် စာနာစိတ်ကင်းမဲ့တဲ့ လျစ်လျူရှုမှုကို ပြသနေတာ ဖြစ်ပါတယ်။ မြန်မာ့အကျပ်အတည်းကို ဘုံသဘောတူညီချက် ငါးရပ်နဲ့ ဖြေရှင်းမယ်ဆိုတဲ့ အာဆီယံရဲ့ ကိုယ်ပိုင်ကတိကဝတ်တွေကို သူတို့ကိုယ်တိုင် ဖောက်ဖျက်နေကြတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
လေတပ်ကလေ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့တဲ့ တပ်ကြပ်ကြီး နောင်ရိုးကတော့ စစ်ကောင်စီက အာဆီယံမှာ နေရာရချင်တာကြောင့် လေတပ်ညီလာခံလုပ်တာလို့ ပြောပါတယ်။
"လက်နက်ရလိုမှုကြောင့် စစ်ကောင်စီလေတပ်က အာဆီယံညီလာခံဦးဆောင်ကျင်းပတယ်လို့ မထင်ဘူးဗျ၊ လေတပ်သုံးလက်နက်က ကပစ ထုတ်တွေဆိုရင် အတော်များများရှိနေပါသေးတယ်၊ စစ်ကောင်စီသာ လက်နက်ရလိုမှုကြောင့် ချဉ်းကပ်မယ်ဆို ခုထိ သူတို့ကိုကူညီနေတဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယကိုပဲ ချဥ်းကပ်မှာပါ။ အခုအစည်းအဝေးကို စစ်ကောင်စီလေတပ်က ဦးဆောင် ကျင်းပတာဟာ ကျွန်တော့်အမြင်တော့ စစ်တပ်က အာဆီယံမှာ လူရာဝင်ချင်တာရယ်၊ အာဆီယံဆိုတာက မြန်မာပြည်သူတွေအပေါ် သန္ဓေမမှန်တာရယ်ကြောင့် ကျင်းပပြုလုပ်တယ်လို့ပဲ မြင်မိတယ်ဗျ၊ အခြားလက်နက်ကြောင့်ရယ်လို့တော့ မထင်ပါဘူး။"
အာဆီယံက စစ်ကောင်စီရဲ့ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလမှာ လေတပ်အကြီးအကဲများ ညီလာခံ (AACC)ရဲ့ သဘာပတိအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ထွန်းအောင်ဟာ စစ်ကောင်စီက သူ့ကို လေတပ်ဦးစီးချုပ်ခန့်အပ်ပြီး ၂ဝ၂၂ ဇန်နဝါရီလနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၃ဝ ကျော်ကို အမိန့်ပေးကွပ်ကဲခဲ့သူဖြစ်ပြီး လူပေါင်း တစ်ထောင်နီးပါး သေဆုံးစေခဲ့တယ်လို့ လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ တည်နေရာနဲ့ ဖြစ်ရပ်မှတ်တမ်းစီမံကိန်း ACLED ရဲ့ အချက်အလက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးသူငယ် ၄ဝ အပါအဝင် လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်၊ ကချင်ပြည်နယ် အနန့်ပါကျေးရွာအတွင်း KIO နှစ်ပတ်လည်နေ့ ဖျော်ဖြေပွဲကျင်းပနေစဉ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ လက်ယက်ကုန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ် အပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေဟာ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ရဲ့ အမိန်ပေးကွပ်ကဲမှုကြောင့် ဖြစ်တယ်လို့ JFM က ရေးသားထားပါတယ်။
“ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသဘာပတိဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ လေတပ်အကြီးအကဲများ အစည်းအဝေးနဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး မြေပြင်စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းရမှာ ဖြစ်ပြီး အာဆီယံလုပ်ငန်းစဉ်အားလုံးကနေ စစ်အုပ်စုကို ဖယ်ရှားရမှာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လေတပ်အစည်းအဝေးကို ဆက်ပြီး ကျင်းပမယ်ဆိုရင် သပိတ်မှောက်ပြီး တရားမဝင်စစ်အုပ်စုပါဝင်နေတဲ့ ADMM လှုပ်ရှားမှုအားလုံးကို တက်ရောက်ဖို့ ငြင်းဆိုသင့်ပါတယ်” လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုပါတယ်။
စစ်ကောင်စီ ပူးတွဲဥက္ကဋ္ဌတာဝန်ယူမယ့် စက်တင်ဘာ ၂၅ ရက်ကနေ ၃ဝ ရက်နေ့အထိ ရုရှားနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရုရှား အာဆီယံ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးဆိုင်ရာ လက်တွေ့မြေပြင်စစ်ရေး လေ့ကျင့်မှုကိုလည်း JFM က ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။
---