လိင်တူချစ်သူတွေအကြောင်း ရေးဖွဲ့ထားတဲ့ စာအုပ်တချို့ကို စစ်ကောင်စီ ပိတ်သိမ်း
2025.01.10
လိင်တူချစ်သူတွေအကြောင်း ရေးဖွဲ့ထားတဲ့ စာအုပ်တချို့ကို ညစ်ညမ်းစာတွေ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားမဝင် ထုတ်ဝေစာဖြစ် သတ်မှတ်ပြီး ထုတ်ဝေသူတွေကို အရေးယူဖို့ စီစဉ်နေကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပိတ်သိမ်းခံရတဲ့ စာအုပ်တွေကတော့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း ထုတ်ဝေခဲ့တဲ့ စာရေးသူ အောင်ခန့်ရဲ့ “ကျွန်တော့်နှလုံးသားထက်မှာ လိပ်ပြာတစ်ကောင် ခိုနားနေသည်”၊ မဟူရာရဲ့ “1500 miles to you” နဲ့ “အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ”၊ မြမိုရ်ရဲ့ “မေတ္တာနှောင်သီချစ်ကြိုးချည်”၊ DiDi Zaw ရဲ့ “Match Made in Clouds”၊ Red in Peace ရဲ့ “DISO+Extra”၊ Vi Vian ရဲ့ “သက်ဆိုင်သူဦးဝေ” တို့ ဖြစ်ပါတယ်။
ဒီစာအုပ်တွေထဲမှာ အများစုက လိင်တူချစ်သူတွေအကြောင်း ဖော်ညွှန်ရေးဖွဲ့ထားတဲ့ စာအုပ်တွေဖြစ်ပြီး ညစ်ညမ်းတဲ့ အရေးသားမျိုး မတွေ့ရဘူးလို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ စာဖတ်သူတစ်ဦးက ပြောပါတယ်။
"ဒီစာအုပ်တွေကလည်း ဖျော်ဖြေရေးအနေနဲ့ ဖတ်လို့ရတာတွေပါပဲ၊ ညစ်ညမ်းတယ်လို့တော့ မယူဆမိပါဘူး။ တချို့စာအုပ်တွေဆို ဇာတ်အိမ် တော်တော်ခိုင်တယ် DiDi Zaw ရဲ့ Match Made in Cloud လိုဟာမျိုးပေါ့"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စာရေးဆရာတစ်ဦးကတော့ အခုလို အရေးယူတာဟာ လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်ကို ထိပါးတာလို့ မှတ်ချက်ပြုပါတယ်။
"လူတစ်ယောက်ရဲ့ လိင်စိတ်ခံယူမှုတွေကို ဖော်ကျူးတဲ့အရာတွေက ညစ်ညမ်းတယ်ဆိုတဲ့အခြေအနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခြင်းဆိုတဲ့ အခြေအနေကြားမှာ ပါးပါးလေးသွားနေတာ ညစ်ညမ်းတာကိုခွင့်ပြုရမယ်လို့လည်း ဆိုလိုတာမဟုတ်ဘူး။ ဒါပေမဲ့ ပိတ်ပင်တားဆီးတယ်ဆိုတာတော့ Freedom Expression (လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်) ကို ထိပါးတယ်"
စစ်ကောင်စီကတော့ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံတာ၊ အရှက်တရားကင်းမဲ့တာနဲ့ လူငယ်တွေရဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ခံစားနားလည်မှုကို လွဲမှားစေနိုင်တဲ့ အကြောင်းအရာတွေကို ပုံနှိပ်ဖြန်ချိထားတာလို့ ဖော်ပြပါတယ်။ ဒါကြောင့် ဒီစာအုပ်ထုတ်ဝေသူနဲ့ ပုံနှိပ်သူတွေကို တရားစွဲဆိုထားတယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စာပေမီဒီယာတွေ တိုက်တွေကို စစ်ကောင်စီက ပိပင်ထားတာ အရေအတွက် သုံးဆယ်ထက်မနည်း ရှိနေပြီလို့ စာပေထုတ်ဝေသူတွေနဲ့ ဖြန့်ချိသူတွေက ပြောပါတယ်။