ရွှေဘိုနဲ့ မုံရွာမှာ စာသင်ကျောင်းတစ်ကျောင်း အပါအဝင် အိမ်နှစ်ဆယ်ကျော် မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2025.01.21
ရွှေဘိုနဲ့ မုံရွာမှာ စာသင်ကျောင်းတစ်ကျောင်း အပါအဝင် အိမ်နှစ်ဆယ်ကျော် မီးရှို့ဖျက်ဆီးခံရ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းပြားကျေးရွာရှိ စာသင်ကျောင်းနှင့် နေအိမ်အချို့ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ နေ့က တွေ့ရစဥ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကိုစီးနင်းပြီး စာသင်ကျောင်းတစ်ကျောင်း အပါအဝင် နေအိမ် နှစ်ဆယ်ကျော် မီးရှို့ဖျက်ဆီးသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက RFA ကို ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့က ရွှေဘိုအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၄၂) က စစ်ကောင်စီတပ်ဖွဲ့ အင်အားငါးဆယ်ခန့်က ကင်းပြား၊ ချီပါ၊ မင်းကုန်းနဲ့ အိုးဘိုရွာတွေကို စစ်ကြောင်းထိုးပြီး ကင်းပြားရွာက စာသင်ကျောင်းနဲ့ နေအိမ် ငါးလုံး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့နယ်မှာလည်း ဇန်နဝါရီ ၂၀ ရက်နေ့က အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ ကြီးပဒုံရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ရွာထဲစီးနင်းကာ နေအိမ် ၁၅ လုံး မီးရှို့ဖျက်ဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကြီးပဒုံရွာက နမခနဲ့ တော်တော်နီးတယ်။ သူတို့ဌာနချုပ်ကို တိုက်ခိုက်တာ ကြီးပဒုံရွာကနေ လှမ်းပစ်တာလို့ထင်ပြီး ညတွင်းချင်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ဇန်နဝါရီ ၁၅ နေ့မှာ စစ်တပ်အင်အား အလုံးအရင်းနဲ့တစ်ကြိမ်၊ မနေ့က ၂၀ နေ့မှာ တစ်ကြိမ်၊ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတာ နေအိမ် ၁၅ လုံးလောက် မီးလောင်ပျက်စီးသွားတယ်”

ဇန်နဝါရီ ၂၁ ဒီနေ့မနက်ပိုင်းအထိ မုံရွာ နမခကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲဖြစ်တယ်လို့ မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

အခုရက်ပိုင်းမှာပဲ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းထဲမှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေသလို ရွာတွေကို စစ်ကြောင်းထိုးစီးနင်းမှုတွေလည်း ခပ်စိပ်စိပ် လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။