ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းလေးခုကို KIA သိမ်းယူ
2024.03.30
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ်ရှိ စစ်ကောင်စီစခန်းလေးခုကို မတ်လ ၃၀ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းအဖွဲ့က သိမ်းယူခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
"စခန်းသိမ်းတာကတော့ ကျွန်တော်တို့ လွယ်ဂျယ်နဲ့ ဗန်းမော်ကားလမ်းပတ်ဝန်းကျင်က စခန်းတွေ သုံးလေးခုလောက် သိမ်းတာရှိပါတယ်၊ ရှေ့တန်းကာကင်းတွေပေါ့ဗျာနော်၊ ကျွန်တော်တို့ ကချင်အခေါ်အဝေါ်နဲ့တော့ ဒွမ်ဘော်ဘွမ်၊ လွယ်ယိန်း ၊ သိန်းယောင်၊ လိုင်းပီယန်တို့ လေးခုလောက်ရှိပါတယ်၊ ဒီနေ့သိမ်းလိုက်တာ"
စိန်လုံ စစ်ကောင်စီတပ်စခန်းအနီးရှိ ဒွမ်ဘော်ဘွမ် (Dum Bau Bum)၊ လွယ်ယိန်း (Loi Ying)၊ သိန်းယောင် (Ting Rawng) စတဲ့ တပ်စခန်းသုံးခုကို KIA ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၃၀ ရက်နေ့က သိမ်းလိုက်ကြောင်း KIO သတင်းနဲ့ပြန်ကြားရေးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ဒီစခန်းသိမ်းခံရတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
KIA ပူးပေါင်းအဖွဲ့ဟာ ၂၀၂၄ ခုနှစ် မတ် ၇ ရက်ကစလို့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သုံးပတ်ကျော်အတွင်း KIA ဌာနချုပ် လိုင်ဇာမြို့အနီးနဲ့ မိုးမောက်မြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ခြောက်ဆယ်နီးပါးကို သိမ်းယူထားနိုင်ပြီလို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မြစ်ကြီးနား-ဗန်းမော် ကားလမ်းတစ်လျှောက်က စစ်ကောင်စီစခန်းအားလုံးကို သိမ်းထားနိုင်ခဲ့သလို ဗန်းမော်-လွယ်ဂျယ် ကားလမ်းမပေါ်က စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ထားတာတွေရှိပေမဲ့ အများကြီးကျန်သေးတာကြောင့် အားလုံးကို ထိန်းချုပ်နိုင်တဲ့အနေအထားတော့ မရှိသေးဘူးလို့ သူကဆိုပါတယ်။
စစ်ကောင်စီဘက်က မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်က မြို့သစ် ကုန်းလော့နဲ့ ဗန်းမော်-လွယ်ဂျယ်လမ်းပေါ်ရှိ သိမ်းဆည်းခံရတဲ့ စစ်ကောင်စီစခန်းဟောင်းနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း KIA က ပြောပါတယ်။