လေးကေ့ကော်တိုက်ပွဲ စစ်ကောင်စီတပ်က အရာရှိတစ်ဦး ဖမ်းမိ၊ ၂၀ ခန့် သေဆုံး

2022.04.10
Share on WhatsApp
Share on WhatsApp
လေးကေ့ကော်တိုက်ပွဲ စစ်ကောင်စီတပ်က အရာရှိတစ်ဦး ဖမ်းမိ၊ ၂၀ ခန့် သေဆုံး KNLA ပူးပေါင်း တပ်မှ စစ်ကောင်စီဘက်က ဖမ်းဆီးရမိသည့် ဗိုလ်အဆင့်ရှိသူတစ်ယောက်ကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း လေးကေ့ကော်မြို့သစ်အနီးကို ဧပြီလ ၁၀ ရက် ဒီနေ့ စစ်ကောင်စီတပ်က မြေပြင်ကရော လေကြောင်းကပါ ထိုးစစ်ဆင်လာပြီး KNLA ပူးပေါင်း တပ်တွေနဲ့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူတစ်ယောက်ကို ဖမ်းဆီးရ မိပြီး ၂၀ ဦးခန့် သေဆုံးတယ်လို့ KNU Cobra အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီမနက် ၃ နာရီလောက်ကစလို့ လေးကေ့ကော်ဒေသကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်နဲ့ ‌KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက် ခိုက်မှု လုပ်ခဲ့တယ်လို့ အဲဒီဒေသကို ရောက်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

"မနက် ၃ နာရီက တိုက်ပွဲဖြစ်ပြီ။ ပထမ ဂျက်ဖိုက်တာ နှစ်စင်းလာကြဲတယ်။ နောက်ပိုင်း တစ်စင်းတည်းနဲ့ အခေါက်ပေါင်းမနည်းဘူး။ သူတို့ဘက်က အတော်ကျတယ်။ ကိုယ့် ဘက်က နှစ်ယောက်ကျတယ်"

စစ်ကောင်စီတပ်ရဲ့ တပ်မ ၄၄ က ဗိုလ်အဆင့်ရှိသူတစ်ယောက်ကို ဖမ်းဆီးရမိကာ စစ် ကောင်စီတပ်ဘက်က သေဆုံးသူ ၂၀ ခန့်ရှိနိုင်ပြီး KNLA ပူးပေါင်းအဖွဲ့ဘက်က နှစ်ယောက် သေဆုံး၊ လေးယောက် ထိခိုက်ခဲ့တယ်လို့ KNU ရဲ့ Cobra စစ်ကြောင်းက ဒီနေ့ နေ့လယ်က ထုတ်ပြန်ပါတယ်။

လေးကေ့ကော် အမြောက်ကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ တွေလည်း ရှိခဲ့သလို KNU မှာ အလင်းဝင်ခဲ့တဲ့ ခြေမြန်တပ်ရင်း ခမရ ၅၈၅ က ဗိုလ်မှူး တင်လင်းအောင်၊ တပ်မ ၇၇ က CDM ဗိုလ်ကြီး တစ်ယောက်ကလည်း KNU ဘက်က နေပါဝင်ပြီး ၈၁ မမ လက်နက်ကြီးနဲ့ စစ်ကောင်စီတပ်ဘက်ကို ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ Cobra စစ်ကြောင်းက ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ရုရှားနိုင်ငံထုတ် Mig-29 ဂျက်လေယာဉ်နှစ်စင်းကို အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့လည်း KNU ရဲ့ Cobra စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲအခြေအနေ အသေးစိတ်ကို RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

လက်ရှိ သတင်းရေးသားနေတဲ့ နေ့လယ် နှစ်နာရီခွဲအထိ လေးကေ့ကော်ဒေသမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အကျအဆုံးများနေတဲ့ အခြေအနေဖြစ် တယ်လို့ ဒီဒေသမှာ ရောက်ရှိနေသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။