စစ်ကောင်စီက ရဲချုပ်နေရာကို လေးကြိမ်မြောက် အပြောင်းအလဲလုပ်

RFA Burmese
2024.08.04
စစ်ကောင်စီက ရဲချုပ်နေရာကို လေးကြိမ်မြောက် အပြောင်းအလဲလုပ် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကို မန္တလေးတိုင်း ပြည်ဦးလွင်မြို့နယ် ရဲအရှာရှိလေ့ကျင့်ရေးကျောင်း သင်တန်းဆင်းပွဲတစ်ခုတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဥ်။
Myanmar Military

စစ်ကောင်စီရဲ့ ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို မူလစစ်ဘက်တာဝန်တွေ ပြန်ပေးလိုက်ပြီး ဒုတိယရဲချုပ်ဖြစ်တဲ့ ရဲဗိုလ်ချုပ် ဝင်းဇော်မိုးကို ရဲချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက သြဂုတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီး လူငါးဆယ်ခန့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်မှာ အဓိကတာဝန်ရှိသူအဖြစ် ဥရောပသမဂ္ဂ (EU) က ဒဏ်ခတ်အရေးယူထားရသူဖြစ်ပါတယ်။

သူ့ကို အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ခန့်အပ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းချိန်ကစလို့ ရဲချုပ်နေရာကို အပြောင်းအလဲလုပ်တာ အခုတစ်ကြိမ်နဲ့ဆို လေးကြိမ်ရှိပါပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ကခန့်ထားတဲ့ ရဲချုပ် အောင်ဝင်းဦးကို အာဏာသိမ်းပြီးနောက်တစ်ရက်မှာ ရာထူးကဖယ်ရှားပြီး ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ခန့်အပ်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၂ ခုနှစ် မေလမှာ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ရဲချုပ်အဖြစ်က အနားပေးပြီး ဗိုလ်ချုပ် ဇင်မင်းထက်ကို ရဲချုပ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လမှာတော့ ဗိုလ်ချုပ် ဇင်မင်းထက်အစား ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ရဲချုပ်အဖြစ် ခန့်အပ်ပြီးနောက် တစ်နှစ်ခန့်အကြာမှာ အခုလို အပြောင်းအလဲတွေ ထပ်လုပ်လာတာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဟာ စစ်တက္ကသိုလ်အပတ်စဥ် (၃၇) ဆင်းဖြစ်ပြီး ရဲချုပ်မဖြစ်ခင် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ ကြိဂံဒေသ တိုင်းစစ်ဌာနချုပ်တို့မှာ တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။