စမ်းချောင်းမှာ နေအိမ်တွေကို စစ်ကောင်စီတပ် စစ်ဆေးနေ

2021.09.10
စမ်းချောင်းမှာ နေအိမ်တွေကို စစ်ကောင်စီတပ် စစ်ဆေးနေ စမ်းချောင်းမြို့နယ် ဂွစျေးမှာ စစ်ကောင်စီတပ်ကို ၂၀၂၁ စက်တင်ဘာ ၁၀ ရက်နေ့က တွေ့ရစဥ်
Photo: CJ

စမ်းချောင်းမြို့နယ် ဗဟိုလမ်းမပေါ်က ဂွစျေးအနီးတစ်ဝိုက်ကို စက်တင်ဘာလ ၁၀ ရက် ဒီနေ့အချိန်အထိ စစ်ကောင်စီတပ်သားတွေ နေရာယူထားပြီး အိမ်ပေါ်တွေပေါ်အထိ တက်စစ်ဆေးတာ၊ အသွားအလာတွေကို စစ်ဆေးတာနဲ့ မျက်မြင်သက်သေလို့ ယူဆသူတွေကိုပါ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေသေးတယ်လို့ စမ်းချောင်းမြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စမ်းချောင်းမြို့နယ်ထဲက ကျွန်းတောလမ်းမနဲ့ ဗဟိုလမ်းမကို စက်တင်ဘာလ ၁၀ ရက် ဒီကနေ့က စပြီး တစ်လမ်းမောင်းအဖြစ် ပြောင်းလိုက်ကြောင်း စစ်ကောင်စီဘက်က အသံချဲ့စက်နဲ့ လိုက်လံကြေညာ သွားတယ်လို့ စမ်းချောင်းမြို့ခံတွေက RFA ကိုပြောပါတယ်။

ကျွန်းတောလမ်းမကို ဟံသာ၀တီလမ်းဘက်မှ ဗားကရာလမ်းအထိ အသွားလမ်းကြောင်းသတ်မှတ်ပြီး ဗဟိုလမ်းမကိုတော့ ဗားကရာလမ်းမဘက်ကနေ ဟံသာ၀တီလမ်းဘက်သို့ အသွားသတ်မှတ်လိုက်တယ်လို့ ကိုယ်တိုင်ကြားခဲ့ရသူက ပြောပါတယ်။

အဲဒီလမ်းမတွေဟာ စစ်ကောင်စီက အခုလို မကြောညာခင်အထိ နှစ်လမ်းမောင်းသတ်မှတ်ထားတဲ့လမ်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဗဟိုလမ်းမပေါ် တလျှောက်မှာရှိတဲ့ စျေးသည်တွေအားလုံးကိုလည်း လုံး၀မထွက်ရ သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ လိုက်လံကြေညာထဲအထဲမှာ ပါဝင်ပါတယ်။

စက်တင်ဘာလ ၉ ရက် မနေ့ညနေပိုင်းက စမ်းချောင်းမြို့နယ် ဗဟိုလမ်းမနဲ့ ဇလွန်လမ်းထိပ်အနီးမှာ စစ်ကောင်စီရဲ့ ကားပေါ် လက်ပစ်ဗုံးနဲ့ အပစ်ခံရပြီးနောက် ဗိုလ်မှူးတစ်ဦးအပါအဝင် နှစ်ဦး သေဆုံးခဲ့တာ ကြောင့် စမ်းချောင်းမြို့နယ်ထဲမှာ လုံခြုံရေးတိုးမြင့်ချထားပြီး စစ်ဆေးတာတွေလုပ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။