လားရှိုးကို စစ်ကူလာတဲ့ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ
2024.08.01
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးနဲ့ မိုင်းကိုင်မြို့ကနေ လားရှိုးမြို့ဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ကိုးကန့်တပ် (MNDAA) နဲ့ ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အင်အားသုံးရာကျော်နဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ကားရှစ်စီးပါ စစ်ကောင်စီယာဥ်တန်းကို လားရှိုးမြို့နယ် မန်ပန်နဲ့ ဟိုနားကျေးရွာကြားမှာ ဇူလိုင် ၃၀ ရက်နေ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ရေးအခြေအနေသိသူတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်တပ်ဘက်က လားရှိုးကိုစစ်ကူပို့ဖို့ ရလခ(အရှေ့အလယ်ပိုင်းတိုင်း) ကနေ စစ်သားတွေစုပြီး တက်လာတာ။ မိတ္ထီလာဘက်က တပ်တွေလည်းပါတယ်။ လက်နက်တွေရော၊ စစ်သားတွေရော စုပြီးလာတာ။ တန့်ယန်းမှာ တစ်ဖြတ်နားတယ်။ ပြီးတော့မှ လားရှိုးကို အုပ်စုလေးစုခွဲပြီး တက်လာတယ်လို့ သတင်းရတယ်။ အဲဒါဖြတ်တိုက်လိုက်တော့ အုပ်စုတစ်ခုတော့ အတော်အထိနာသွားတယ်။ သေဆုံးမှုလည်း များတယ်”
စစ်ကောင်စီတပ်ဘက်က သေဆုံးတဲ့အရေအတွက်ကိုတော့ အတိအကျမသိရဘူးလို့ သူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကြောင်းအုပ်စုတစ်စုပဲ လားရှိုးမြို့နယ်ထဲ ဝင်ရောက်သွားနိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေး အခြေအနေသိသူတစ်ဦး ပြောပါတယ်။
စစ်ကြောင်းတွေ တိုက်ခိုက်ခံရပြီးနောက် ကျန်တဲ့စစ်ယာဥ်တန်းတွေလည်း လားရှိုးကိုဆက်မသွားတော့ဘဲ တန့်ယန်းမြို့နယ်ဘက်ကနေ အခြေအနေစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
တန့်ယန်းမြို့ဟာ လားရှိုးမြို့မှာ တိုက်ပွဲတွေပြင်းထန်နေချိန် ဇူလိုင် ၁၁ ရက်နေ့မှာ “ဝ” (UWSA) တပ်ဖွဲ့က ထိန်းချုပ်ထားတာပါ။
ဒါကြောင့် စစ်ကောင်စီတပ်ရဲ့ စစ်ကူစစ်ကြောင်းတွေ လားရှိုးကိုသွားနိုင်ဖို့ “ဝ”တပ်ဖွဲ့ဘက်က ခွင့်ပြုခဲ့သလားဆိုတဲ့ ထောက်ပြမေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ လားရှိုးအခြေစိုက် “ဝ”တပ်ဖွဲ့ ဆက်ဆံရေးရုံးတာဝန်ရှိသူ ဦးညီရမ်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။
လားရှိုးမြို့ကိုလာတဲ့ စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
လားရှိုးမြို့ထဲက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနီးက တပ်ရင်းတွေအနီးမှာ သြဂုတ် ၁ ရက် ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲတွေဆက်ဖြစ်နေဆဲဖြစ်ပြီး မြို့အတွင်းမှာကျန်နေတဲ့ ဒေသခံတချို့လည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။