MNDAA ထိန်းချုပ်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးလအတွင်း ၄၃ ဦး သေဆုံး

RFA Burmese
2024.11.01
MNDAA ထိန်းချုပ်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးလအတွင်း ၄၃ ဦး သေဆုံး လေကြောင်းတိုက်ခိုက်ခံရသည့် လားရှိုးမြို့ ဓာတ်ခဲစက်ရုံဟောင်း နေရာအား ၂၀၂၄ ခုနှစ်၊အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Saw Nay Wai Soe/ လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့

ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်နယ်မြေအတွင်း ဇူလိုင်လကနေ အောက်တိုဘာလကုန်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ဦးနဲ့ စစ်သုံ့ပန်း ငါးဦး၊ စုစုပေါင်း ၄၃ ဦးသေဆုံးခဲ့တယ်လို့ MNDAA က နိုဝင်ဘာလ ၁ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လားရှိုး၊ သိန္နီ၊ လောက်ကိုင်၊ချင်ရွှေဟော် မြို့အတွင်းက စစ်ရေးပစ်မှတ် မဟုတ်တဲ့ နေရာတွေကို လေကြောင်းကနေ အကြိမ် ငါးဆယ်ကျော် တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ နှစ်ရာကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားနဲ့ စစ်သုံ့ပန်းတချို့ သေဆုံးခဲ့သလို အရပ်သား ၁၂၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ ရှေ့ဟောင်း ဘာသာရေး အဆောက်အအုံတွေ၊ ဟိုတယ်၊ စက်ရုံ၊ စာသင်ကျောင်း၊ ဈေးနဲ့ အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုး အပါအဝင် မြို့ပေါင်း ရှစ်မြို့ကို MNDAA သိမ်းပိုက်ထားပြီး မြို့အုပ်ချုပ်ရေးစနစ်တွေကို အကောင်အထည်ဖော်နေတာပါ။

အဲဒီမြို့တွေကို စစ်ကောင်စီတပ် နေ့စဉ်လိုလို လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် မြို့ခံတွေကြားမှာ စိုးရိမ်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ လားရှိုးမြို့ခံ တစ်ဦးက ပြောပါတယ်။

“အလှည့်ကျ ကြဲနေတာပဲ။ ဒီမနက်လည်း ကွတ်ခိုင်ကိုကြဲသွားတယ်။ ကျွန်မတို့ လားရှိုးဆိုလည်း ခဏခဏ ဗုံးကြဲခံရတယ်။ လူတွေက ဈေးရောင်းဖို့တောင် ကြောက်နေရတယ်”

လေကြောင်းတိုက်က်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အောက်တိုဘာလ ၂၈ ရက် နဲ့ ၃၀ ရက်နေ့တွေမှာလည်း နောင်ချိုမြို့နယ် ဟိုခိုရွာက မန္တလေး PDF ရဲ့ အချုပ်ခန်းကို စစ်ကောင်စီကတပ် လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူး တစ်ဦး အပါအဝင် စစ်သုံ့ပန်း ၁၆ ဦး သေဆုံးပြီး နောက်ထပ် အချုပ်သား ခြောက်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။