ဂွမြို့ အနီးဝန်းကျင်အထိ တိုက်ပွဲတွေ ပြင်းထန်လာ
2024.12.04
![ဂွမြို့ အနီးဝန်းကျင်အထိ တိုက်ပွဲတွေ ပြင်းထန်လာ ဂွမြို့ အနီးဝန်းကျင်အထိ တိုက်ပွဲတွေ ပြင်းထန်လာ](https://burdev.rfaweb.org/burmese/news/military-council-and-aa-battle-12042024045833.html/@@images/5366d1a9-c68e-49e5-8865-b7a822801d12.jpeg)
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ဖို့ကြိုးစားနေပြီး လက်ရှိမှာ ဂွမြို့နဲ့ ငါးမိုင်အကွာအထိ တိုက်ပွဲတွေ နီးကပ်လာပြီလို့ ဒေသခံတွေက ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း ဂွမြို့ကို လက်မလွှတ်ရေး စစ်အင်အားတွေ ထပ်မံဖြည့်တင်းထားပြီး ခံစစ်အခိုင်အမာပြင်နေတယ်လို့ ဂွမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲတွေက မနေ့က စစ်သားတွေနဲ့ တင့်ကား ၅ စီးရောက်တယ်။ ပစ္စည်းလာပို့တယ်။ ပျဉ်းတော၊ ဇီးခုံ၊ ချင်းကုန်း၊ ရွှေတွင်းတူး အဲ့ဒီနေရာတွေ AA က သိမ်းလိုက်တော့ အကုန်လုံး စစ်ရှောင်သွားကြတာပေါ့။ အခုတိုက်နေတာ ကျောက်ကြီး၊ သေကင်၊ ဒီဘက်က ရွာသစ်ကုန်းကို ကျော်သွားပြီ”
တိုက်ပွဲတွေ မြို့နဲ့နီးကပ်လာတာကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့ကစလို့ မြို့မဈေးကိုပါ ပိတ်ထားလိုက်ရပြီလို့ ဆိုပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းတွေကလည်း ဂွမြို့ပေါ်ကနေ မြို့ရဲ့မြောက်ဘက် တိုက်ပွဲဖြစ်တဲ့နေရာတွေကို အင်အားဖြည့် စစ်ကြောင်းထိုးနေတာကြောင့် အနီးကပ်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ တိုက်ပွဲတွေအနီးမှာရှိနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီ့အပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပါအဝင် ရေတပ်စစ်သင်္ဘောတွေကနေ လက်နက်ကြီးပစ်ကူတွေပါ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
AA ကတော့ သံတွဲ-ဂွ လမ်းအတိုင်း တဖြည်းဖြည်း ထိုးစစ်ဆင်လာနေတာဖြစ်ပြီး ဂွမြို့ဟာ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက် အစွန်ဆုံး၊ ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့မြို့ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့တွေ ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ဂွမြို့နယ်အပြင် နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ အမ်းမြို့နယ်နဲ့ မှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ရှိရာ တောင်ကုတ်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲအချိန် တစ်နှစ်အတွင်း မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့အထဲက ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။