ဗန်းမော်မြို့ နေရာအများစုကို KIA ထိန်းချုပ်

RFA Burmese
2025.01.06
ဗန်းမော်မြို့ နေရာအများစုကို KIA ထိန်းချုပ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။
STR / AFP Photo

ကချင်ပြည်နယ် ဗန်းမော်မြို့က နေရာအများစုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေကို ဇန်နဝါရီလ ၆ ရက်နေ့ မနက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခလရ-၄၇ တပ်ရင်းနေရာမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းက ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့မနက်က စတင်ပြီး ခလရ-၄၇ ဘက် ပြန်ပြင်းထန်နေတယ်။ မြို့ပေါ်ကတော့ စစ်ကောင်စီတွေ မရှိတော့ဘူး။ ရဲစခန်းတွေမှာလည်း စစ်သားတွေ မရှိတော့ဘူး။ စကစ-၂၁ ဘက်ပဲစုသွားပြီ။ စကစ ၂၁ နဲ့ နီးတဲ့ ကမ်းနားဘက်မှာတော့ စစ်ကောင်စီတပ်တွေ ရှိသေးတယ်”

လက်နက်ကြီးတွေ မြို့ထဲကို ကျရောက်ပေါက်ကွဲနေပြီး လက်နက်ကြီးကျည်စထိမှန်လို့ ဇန်ဝါရီလ ၄ ရက်နေ့က ကျောင်းသား တစ်ဦး သေဆုံးခဲ့ပြီး ဒီနေ့မနက်မှာတော့ အမျိုးသား တစ်ဦး ဒဏ်ရာရထားတယ်လို့ သူက ပြောပါတယ်။

ဗန်းမော်မြို့ကနေ ကချင်ပြည်နယ်နဲ့ မန္တလေးဘက်ကို ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း အခက်အခဲ မျိုးစုံကြုံနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ် ။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ KIA သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ မံစီမြို့က စစ်ကောင်စီ တပ်စခန်းတွေကို ၂၀၂၄ ဒီဇင်ဘာ ၄ ရက်နေ့က စတင်ပြီး KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။