ဗန်းမော်မြို့အနီး တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.08.27
ဗန်းမော်မြို့အနီး တိုက်ပွဲပြင်းထန်နေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ တိုက်ပွဲအတွင်း မိုးမောက်မြို့နယ်ဘက်သို့ ထွက်ပြေးရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့နဲ့ ငါးမိုင်ခန့်အကွာမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဩဂုတ်လ ၂၅ ရက်မှာ ဗန်းမော်နဲ့ မံစီမြို့ကြားက KIA သိမ်းပိုက်ထားတဲ့ ကောင်ဂျာယန်ရွာက ကင်းစခန်းနှစ်ခုကို စစ်ကောင်စီတပ်က ပြန်ထိုးစစ်ဆင်လာတာပါ။

ဒါ့ကြောင့် တိုက်ပွဲဖြစ်နေတာလို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က RFA ကို ပြောပါတယ်။

“စစ်ကောင်စီက ဗန်းမော်ဘက်ကနေ ငါးမိုင်လောက် စစ်ကြောင်းထိုးလားပြီး တိုက်ပွဲဖြစ်နေတာရှိတယ်။ ကောင်ဂျာယန် ရွာဘက်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကိုလည်း ကြားဖြတ်တိုက်ခိုက်နေတာတွေရှိတယ်။ အဲဒါ ကြောင့် မိုးမောက်-ဗန်းမော်ကြားမှာ နေ့တိုင်းလိုလိုဖြစ်နေတယ်။ ကျွန်တော်တို့ဘက်ကလည်း ပြန်ဆုတ်သွားတာမရှိဘူး ပုံမှန်နေရာယူပြီး တိုက်နေတယ်”

စစ်ကောင်စီတပ်ကလည်း လေကြောင်း၊ ဒရုန်း၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်လို့ သူက ပြောပါတယ်။

ဒီ့အပြင် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၄၃၇) ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၉ ရက်နေ့ သိမ်းပိုက်ထားပြီး မိုးမောက်မြို့နယ်တစ်ခုလုံးကို KIA က ထိန်းချုပ်ထားတာပါ။

တိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဗန်းမော်မြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်မတို့ရဲ့ အိမ်ဘေးမှာ လက်နက်ကြီးက တစ်အားကျနေပြီ။ ပြီးလို့ရှိရင် စစ်ကောင်စီစစ်သားတွေကလည်း နေရာယူတာ။ နယ်မြေရှင်းလင်းတာ လုပ်နေတဲ့ အခါကျ ကျွန်မတို့ အဲဒီမှာနေလို့ မလုံခြုံတော့ဘူး။ မလုံခြုံတော့ မြို့တွင်းပြေးရအောင်လည်း မြို့တွင်းကလည်း လက်နက်ကြီးကကျတာပဲ အဲဒီမှာနေလို့မဖြစ်တော့တာနဲ့ ထွက်ပြေးခဲ့ရတယ်”

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်သူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ကချင်ပြည်နယ်က ဒေါ့ဖုန်းယန်၊ မြို့သစ်၊ လွယ်ဂျယ်၊ မြို့လှ၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ မိုးမောက် စတဲ့ မြို့တွေအပါအဝင် စစ်ကောင်စီ တပ်စခန်းပေါင်း နှစ်ရာခန့်ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။