လွိုင်ကော်မြို့အနီး တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဆယ်ခန့် သေဆုံး

RFA Burmese
2024.09.13
လွိုင်ကော်မြို့အနီး တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဆယ်ခန့် သေဆုံး ရှမ်း၊ ကယား နယ်စပ် စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က လွိုင်ကော် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ခဲ့စဉ်။
Loikaw Local PDF Photo

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ် နေရာလေးခုက စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီပူးပေါင်းတပ်တွေက စက်တင်ဘာ ၅၊ ၆၊ ၇ ရက် သုံးရက်တာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးတာရှိသလို အရှင်ဖမ်းမိတာတွေလည်းရှိတယ်လို့ ကရင်နီပြည်တပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှုးကြီး ဘုန်းနိုင်က RFA ကို ပြောပါတယ်။

အဲဒီ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ် ၊ ရဲစခန်း နဲ့ စခန်းကုန်းတွေကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား အယောက် ၃၀ သေဆုံးခဲ့တယ်လို့ Loikaw Local PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ တပ်သား ၃ ယောက် ကိုလည်း အရှင်ဖမ်းမိထားပြီး လက်နက်အများအပြား သိမ်းဆည်းရမိတယ်လို့ ဆိုထားပါတယ်။

လွိုင်ကော်မြို့အနီးက ကယန်းသာယာ၊ ကုတ်စု၊ လွိုင်လင်လေးနဲ့ ထီးစခန်းတို့မှာ တိုက်ပွဲတွေဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ပြောသလို ကယားပြည်နယ်ကို ပုံမှန်အခြေအနေ ပြန်ရောက်အောင် ဆောင်ရွက်ဖို့ မဖြစ်နိုင်ဘူးလို့ ဗိုလ်မှုးကြီး ဘုန်းနိုင်က ပြောပါတယ်။

“တိုက်ပွဲဖြစ်တာ မှန်တယ်။ အတည်ပြုလို့ ရပါတယ်။ လွိုင်ကော်မြို့နားက ကယန်းသာယာရွာ ထပ်တက်သွားရင် ကုတ်စု ထပ်တက်ရင် လွိုင်လင်လေး ဆက်တက်ရင် ထီးစခန်းကို ရောက်သွားပြီ။ သူတို့ကလည်း (စစ်ကောင်စီ) လွိုင်ကော်ကို ပြန်ထိန်းနိုင်ဖို့။ လူထုကို စည်းရုံးရေးလုပ်ဖို့၊ သူတို့ ကြေညာတာနဲ့က တခြားစီဖြစ်နေတာ”

ပြီးခဲ့တဲ့ သုံးရက်တာ တိုက်ပွဲကို လွိုင်ကော် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local Pdf)၊ Loikaw pdf၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ KNPLF၊ ရှမ်းပြည်တောင်ပိုင်းအခြေစိုက် တပ်အသီးသီးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ကယားပြည်နယ် ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံမဖြေကြားပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွိုင်ကော်အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို ရောက်နေချိန်မှာ ၁၂၀ မမ လက်နက်ကြီးနဲ့ KNDF က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။