ဒီးမော့ဆိုမြို့နယ်က ကျေးရွာတချို့ကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ထိန်းချုပ်

RFA Burmese
2022.12.02
Share on WhatsApp
Share on WhatsApp
ဒီးမော့ဆိုမြို့နယ်က ကျေးရွာတချို့ကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ထိန်းချုပ် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာအနီးတွင် ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု KRU တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
KRU

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာနဲ့ သေးဆူလဲရွာတွေက စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ နေရာတွေကို တိုက်ခိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့ ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု KRU တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက RFA ကို ဒီဇင်ဘာ ၂ ရက် ဒီနေ့ ပြောပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့က သေးဆူလဲရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကရင်နီ တပ်မတော် KA၊ KNDF နဲ့ တခြား PDF အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ကုန်းသာရွာက စစ်ကောင်စီတပ် စခန်းကိုတော့ နိုဝင်ဘာလ ၃၀ ရက်နေ့ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက် နေ့မနက်ပိုင်းမှာ ထိန်ချုပ်နိုင်ခဲ့တာလို့ KRU တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

“သေးဆူးလဲ စခန်းကျသွားတော့ ကုန်းသာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို အလုံးအရင်းနဲ့ ဝင်တိုက်တာ စစ်ကောင်စီဘက်က ပြန်ဆုတ်သွားတယ်။ ကုန်းသာမှာက သူတို့အင်အား လေးဆယ်လောက်ပဲရှိတယ်။ ဆုတ်သွားတာက ကုန်းသာနဲ့ မိုင် နှစ်ဆယ်လောက် ဝေးတဲ့နေရာအထိတော့ ပြန်ဆုတ်သွားတယ်”

ဒီဇင်ဘာ ၂ ရက် ဒီနေ့ ညနေပိုင်းမှာတော့ အဲဒီနေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး သူတို့ ဆုတ်ခွာပေးလိုက်ရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်ဖို့ လုပ်ဆောင်လာနိုင်တာကြောင့် ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

ကယားပြည်နယ်အတွင်းက စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီ ကယားပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ ဒေသတွေမှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပေါင်း ၂၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဒီဇင်ဘာလ ၁ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလကုန်အထိ ကယားပြည်နယ်အတွင်းက ဒီးမော့ဆိုနဲ့ နန်းမယ်ခုံမြို့အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်တာကြောင့် ပြည်သူတွေ စစ်ရေးသတိရှိကြဖို့ KNDF က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။