သိန္နီမြို့မှာ နှစ်ရက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း MNDAA ထုတ်ပြန်

RFA Burmese
2023.01.16
Share on WhatsApp
Share on WhatsApp
သိန္နီမြို့မှာ နှစ်ရက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း MNDAA ထုတ်ပြန် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
The Kokang

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်မှာ ဇန်နဝါရီလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်အတွင်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများတယ်လို့ MNDAA တပ်ဖွဲ့က ဇန်နဝါရီလ ၁၅ ရက်နေ့က သတင်း ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၃ ရက် နေ့လယ်တစ်နာရီခန့်ကစပြီး MNDAA တပ်မဟာ ၂၁၁ နဲ့ စစ်ကောင်စီရဲ့ စကခ - ၁၆ လက်အောက်ခံတပ်တွေ တိုက်ပွဲစဖြစ်ခဲ့ပြီး MNDAA ဘက်က တစ်ဦးသေဆုံးခဲ့သလို လေးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့မှာလည်း မနက် ၁၀ နာရီကနေ နေ့လယ်တစ်နာရီကျော်အထိ တိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကတော့ ၃၀ ခန့်အထိ သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မြောက်ပိုင်းညီနောင်သုံးဖွဲ့မှာပါဝင်တဲ့ MNDAA ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းမှုကို လက်မခံတဲ့အဖွဲ့ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို သင်တန်းပေးနေတဲ့အပြင် လက်နက်ပါ တပ်ဆင်ပေးနေတာပါ။

MNDAA အဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်း သိန္နီ၊ မုံးကိုး၊ လားရှိုး၊ ကွတ်ခိုင်၊ ကွမ်လုံ စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်လေ့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။