ဂန့်ဂေါ မြင်သားရွာမှာ တိုက်ပွဲဖြစ်၊ ရွာသား ၁၁ ဦးထက်မနည်း သေဆုံး
မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာကို စက်တင်ဘာလ ၉ ရက် မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ တပ်သား ၅၀ နီးပါး ရောက်လာပြီး ရွာသူရွာသားတွေ စုဖွဲ့ထားတဲ့ ကျေးရွာလုံခြုံရေးအဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာလုံခြုံရေးအဖွဲ့ဘက်က ရွာသား ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြင်သားကျေးရွာက ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့ပြီး နေအိမ်တွေကိုပါ မီးရှို့ခဲ့သလို စက်တင်ဘာလ ၁၀ ရက် ဒီနေ့မနက်ပိုင်းမှာလည်း မီးထပ်ရှို့တာတွေ လှမ်းမြင်နေရတယ်လို့ ဒေသခံတွေက ပြေပါတယ်။
ကျေးရွာလုံခြုံရေးတွေက တူမီးသေနတ်တွေနဲ့ ပြန်လည်ခုခံခဲ့ပေမယ့် မိုးရွာလာချိန်မှာ တူမီးတွေက အသုံးပြုလို့မရခဲ့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်သားကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒလံက ခေါ်တော့ စစ်သားတွေ ရောက်လာတယ်၊ လက်နက်ကြီးနဲ့စပစ်တော့ ရွာလုံခြုံရေးလုပ်နေတဲ့ အမျိုးသားတွေက ရွာကိုကာကွယ်ဖို့ တူမီးနဲ့ ပြန်ပစ်တယ်၊ လုံခြုံရေးယူတဲ့သူတွေက ရိုးရိုးရွာသားတွေပါ၊ PDF မဟုတ်ဘူး ။ သင်တန်းဆင်း မဟုတ်ဘူး၊ အရင်လက စစ်သားတွေ ရွာလာပြီး ခြောက်လှန့်သွားလို့ ရွာအတွက် လိုအပ်လို့ လုံခြုံရေးအဖွဲ့ဆိုပြီး ဖွဲ့ထားတဲ့အဖွဲ့ပါ၊ သူတို့နဲ့ အပြန်အလှန်ပစ်တော့ ရွာက အသက်ကြီးတဲ့သူတွေနဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းမှာထားခဲ့ပြီး ကျန်တဲ့တစ်ရွာလုံး ထွက်ပြေးနေ ရတယ်၊ အခုထိသိရသလောက် ၁၁ ဦး သတ်ခံလိုက်ရတယ်၊ အသတ်ခံရတဲ့အထဲမှာ တူဖြစ်သူလည်း ပါသွားတယ်၊ အိမ် ၁၂ လုံးလောက် မီးရှို့ခံရတယ်၊ ဒီမနက်အထိ မီးရှို့နေတုန်းပဲ”… လို့ မြင်သားရွာ ဒေသခံက ပြောပါတယ်။
သေဆုံးနေကြတာကို ဒီနေ့မနက်မှာမှ သိခဲ့ရပြီး အဲဒီအထဲမှာ အသက် ၄၀ ကျော်ကနေ ၅၀ ဝန်းကျင် အမျိုးသားတွေအပြင် အသက် ၁၅ နှစ်အရွယ်တွေလည်းပါဝင်ပြီး ဘယ်သူဘယ်ဝါတွေဆိုတာတော့ အတည်ပြုလို့မရသေးဘူးလို့ အဲဒီရွာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကားသုံးစီး၊ ဆိုင်ကယ် ရှစ်စီးလောက်နဲ့ ရောက်ရှိလာကြတာဖြစ်ပြီး အခု အချိန်အထိ မြင်သားကျေးရွာမှာ တပ်စွဲထားဆဲဖြစ်လို့ ဒေသခံတွေ ရွာမပြန်ရဲကြသေးဘူလို့ မြင်သားရွာ ဒေသခံတွေက ပြောပါတယ်။
မြင်သားကျေးရွာဟာ ဂန့်ဂေါမြို့နဲ့ ၄၅ မိုင်ခန့်အကွာမှာရှိပြီး လူဦးရေ ၃၆၀၀ ကျော်ရှိကာ စစ်အာဏာရှင် စနစ်ကို လက်မခံတဲ့သူတွေများတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။