မိုင်းပျဉ်းမှာ စစ်ကောင်စီတပ်နဲ့ RCSS တို့ တိုက်ပွဲဖြစ်နေ

RFA Burmese
2024.09.20
မိုင်းပျဉ်းမှာ စစ်ကောင်စီတပ်နဲ့ RCSS တို့ တိုက်ပွဲဖြစ်နေ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က တွေ့ရစဉ်။
Tai Freedom Photo

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ် ယင်းခမ်းကျေးရွာအနီးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ စစ်ကောင်စီတပ်တို့ စက်တင်ဘာ ၁၉ ရက် မနေ့ကစပြီး နှစ်ဖက်တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို အတည်ပြုပြောပါတယ်။

မိုင်းပျဉ်းမြို့နယ်က ယင်းခမ်းကျေးရွာမှာ တပ်စွဲထားတဲ့ RCSS ရဲ့ စခန်းကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့က ပူးပေါင်းတိုက်ခိုက်တာကြောင့် ဒီနေ့အထိ တိုက်ပွဲဖြစ်နေဆဲလို့ ဆိုပါတယ်။

အင်အားတစ်ရာကျော်ရှိတဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာတာလို့ အဲဒီအခြေအနေကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျိုင်းတုံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီမနက်ကိုးနာရီလောက်ကလည်း အဲဒီဘက်က လက်နက်ကြီးအသံ ကြားရတယ်။ မနေ့နေ့လယ်က စဖြစ်ကြတာ။ ဟိုဘက်က အင်အားတစ်ရာကျော်နဲ့ တတ်လာတာ။ RCSS ဘက်ကလည်း အဲဒီနေရာမှာ အင်အားများတယ်။ ဒေသခံတွေကတော့ အဲဒီဘက်တွေကို မသွားတော့ဘူး"

ယင်းခမ်းကျေးရွာမှာ RCSS ဘက်ကလည်း အင်အားတစ်ရာကျော်နဲ့ တပ်စွဲနေတာဖြစ်ပြီး အရင်က တိုက်ပွဲဖြစ်တာမျိုး မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အတိအကျသိရဖို့ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံနဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဘက်က တာဝန်ရှိသူတွေကတော့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေရှိပြီး လက်နက်တချို့လည်း သိမ်းဆည်းရမိတယ်လို့ ရှမ်းပြည်နယ်အခြေစိုက် ဒေသတွင်းသတင်းဌာနတွေကို ပြောထားပါတယ်။

RCSS ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လုပ်နေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။