စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နဲ့ RCSS နေပြည်တော်မှာ ထပ်မံတွေ့ဆုံ
2023.01.24

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ နေပြည်တော်မှာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ တွေ့ဆုံခဲ့တယ်လို့ RCSS ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ပြောပါတယ်။
တွေ့ဆုံမှုအတွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက RFA ကို ပြောပါတယ်။
“ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာ တစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တော့ ဆွေးနွေးတာပေါ့။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တော့ မတွေ့ရသေးဘူးနော်။ ဘယ်နေ့တွေ့မယ်ဆိုတာလည်း တိတိကျကျ ပြောလို့မရသေးဘူး”
စစ်ကောင်စီဥက္ကဋ္ဌရဲ့ ဖိတ်ကြားမှုကြောင့် နေပြည်တော်မှာ ၃ ရက်ကြာ ဆွေးနွေးသွားမှာ ဖြစ်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံဖို့ရှိတယ်လို့ RCSS ရဲ့ လူမှုကွန်ရက် ပြန်ကြားရေးစာမျက်နှာ Tai Freedom က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဖော်ပြထားပါတယ်။
RCSS ဥက္ကဋ္ဌနဲ့အတူ ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီး ဆောင်းဟန်၊ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး၊ ဗဟို ဦးဆောင်ကော်မတီဝင် ဗိုလ်မှူး နန်းမိုးမိုးစော၊ ဗိုလ်မှူး နန်းစံဖောင်းနဲ့ အထောက်အကူပြု အဖွဲ့ဝင်အချို့ ပါဝင်တယ်လို့လည်း ရေးသားထားပါတယ်။
ဒီတစ်ကြိမ်ဆွေးနွေးပွဲမှာ နိုင်ငံရေးအကျပ်အတည်း အခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ယုံကြည်မှု တည်ဆောက်ရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စအပြင် အခြား အရေးကြီးတဲ့ အချက်တွေပါ ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။
RCSS ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာ ၁ ရက်နေ့အထိ ဒုတိယအကြိမ် တွေ့ဆုံမှုအတွင်း RCSS က လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ တင်ပြခဲ့ပြီး RCSS ရဲ့ ဖက်ဒရယ်အခြေခံမူနဲ့ ယုံကြည်မှု တည်ဆောက်ရေးအပြင် လူထုဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် တင်ပြဆွေးနွေးခဲ့ပါတယ်။