ဖက်ဒရယ်ဒီမိုကရေစီအတွက် စစ်ကောင်စီနဲ့ ဆက်ပြီးဆွေးနွေးမယ်လို့ SSPP ပြော

RFA Burmese
2023.02.04
Share on WhatsApp
Share on WhatsApp
ဖက်ဒရယ်ဒီမိုကရေစီအတွက် စစ်ကောင်စီနဲ့ ဆက်ပြီးဆွေးနွေးမယ်လို့ SSPP ပြော SSPP တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
Photo: RFA

ဖက်ဒရယ်ဒီမိုကရေစီအတွက် စစ်ကောင်စီနဲ့ ဆက်ပြီးဆွေးနွေးမယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (SSPP) က ဖေဖော်ဝါရီလ ၄ ရက်မှာ RFA ကို ပြောပါတယ်။

SSPP ရဲ့ တိုးချဲ့ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးကို ဌာနချုပ်မှာ ဇန်နဝါရီလ ၁၉ ရက်ကနေ ဖေဖော်ဝါရီလ ၁ ရက်အထိ ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီ လိုလားတဲ့အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါက NUG အပါအဝင် ဘယ်အဖွဲ့အစည်းကိုမှ ရည်ညွှန်းတာမဟုတ်ဘူးလို့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောပါတယ်။

စစ်ကောင်စီနဲ့ ဆက်ပြီးဆွေးနွေးမယ့် အခြေအနေကို RFA က မေးမြန်းတာမှာ ဆက်ပြီးညှိနှိုင်းမယ်လို့ သူက ပြောပါတယ်။

"ဖက်ဒရယ်ဒီမိုကရေစီ၊ ဖက်ဒရယ်လမ်းကြောင်းကို သွားမယ်ဆိုရင်တော့ ညှိနှိုင်းရ မှာပေါ့ဗျာ။ ဒါကတော့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ဆိုင်တယ်လို့ပဲ ပြောလို့ရပါတယ်။ အဓိကကတော့ နိုင်ငံရေးမပြေလည်မှုကြောင့်ပဲ။ အဖွဲ့အစည်းတစ်ဖွဲ့၊ လူမျိုးတစ်မျိုးရဲ့ ဖြစ်ချင်တဲ့ဆန္ဒကို အခြေခံပြီးရေးထားမယ်ဆိုရင်တော့ ဘယ်တော့မှ မပြေလည်ဘူးလေ။ ဒါကအခြေခံဥပဒေနဲ့ ပြဿနာဖြစ်နေတယ်"

SSPP အစည်းအဝေးဆုံးဖြတ်ချက်ထဲမှာ နိုင်ငံရေးအကျပ်အတည်းကို အဖြေရှာ ကျော်လွှားနိုင်ဖို့နဲ့ အနာဂတ်ပြည် ထောင်စုတည်ဆောက်ဖို့ဟာ တိုင်းရင်းသားတိုင်းက စုပေါင်းတာဝန်ယူဖြေရှင်းရမယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ SSPP ဟာ စစ်ကောင်စီနဲ့ သွားရောက်ဆွေးနွေးမှုရှိခဲ့သလို ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကိုသွားဖို့ဆိုရင် ဆွေးနွေးညှိနှိုင်းဖို့လိုအပ်တယ်လို့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောပါတယ်။

သူတို့အနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့ လက်နက်ကိုင် နည်းလမ်း အပါအဝင် နည်းပေါင်းစုံနဲ့ တိုက်ပွဲဝင်သွားမယ်လို့ ဗိုလ်မှူး စိုင်းဖုန်းဟန်က ဆိုပါတယ်။

SSPP ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေး ထိုးတာ မရှိပေမယ့် လတ်တလောမှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေကို ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ SSPP၊ ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ခေါင်းဆောင်တွေ စစ်ကောင်စီနဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ တစ်ကြိမ်၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ တစ်ကြိမ် ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2023-02-05 17:11

This is more like talking to an arsonist about how to rebuild your house after he burns it.